မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပူပူနွေးနွေးရရှိထားတဲ့ ဘာနာဒိုဆေးလ်ဗားကတော့ ပေါ်တူဂီအသင်းမှာလည်းအကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး Nations League ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘာနာဒိုဆေးလ်ဗားကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရော်နယ်ဒို ကို ပြိုင်ဖက်နောက်ခံလူတွေ အာရုံစိုက်နေကြတဲ့ အနေအထားက ဆေးလ်ဗားအတွက် နေရာလွတ်တွေ ရရှိဖို့ ဖြစ်လာခဲ့တာပါ။

(၂၀၁၈-၁၉)ဘောလုံးရာသီက ဘာနာဒိုဆေးလ်ဗားအတွက်တော့ အောင်မြင်မှုပေါင်းများစွာ ရရှိခဲ့တဲ့ ရာသီတစ်ခုလို့ ပြောရမှာဖြစ်ပြီး ပွဲပေါင်း (၅၉)ပွဲမှာ (၁၄)ဂိုး သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၁၅)ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် တစ်ရာသီအတွင်း ဆုဖလား(၅)လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပြီး အံ့အားသင့်ဖွယ် ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာပါ။

ပွဲအပြီး အင်တာဗျူးမှာ ဆေးလ်ဗားက သူ့အနေနဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီကို ဒီလိုပုံစံနဲ့ ပိတ်သိမ်းလိုက်ရတာ ကျေနပ်မိကြောင်းနဲ့ ပေါ်တူဂီအတွက် ရယူခဲ့တဲ့ ဆုဖလားတွေကတော့ တစ်သက်တာ ဂုဏ်ယူစရာဖြစ်နေတော့မှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ဘောလုံးရာသီတစ်ခုကို ဆုဖလားတွေအများကြီးနဲ့ အဆုံးသတ်လိုက်ရတာ တကယ့်ကို ကျေနပ်စရာပါပဲ။ ဒါက ဂုဏ်ယူစရာတစ်ခုလို့လည်း ကျွန်တော်ပြောချင်တယ်။ ဒီတစ်ရာသီလုံးမှာ ကျွန်တော်နဲ့အတူ ရှိနေတဲ့အသင်းဖော်တွေက တကယ့်ကို စိတ်ဓာတ်အပြည့်နဲ့ ကစားကြတဲ့သူတွေ ဖြစ်နေတာကတော့ ကျွန်တော့်ရဲ့ကံကောင်းမှုပဲပေါ့။ မန်စီးတီးကိုပဲ ကြည့်ကြည့်၊ ပေါ်တူဂီကိုပဲကြည့်ကြည့် အသင်းအတွက် ပေးဆပ်ချင်နေကြတဲ့သူတွေချည်းပဲ။ အဲဒီအသင်းဖော်တွေနဲ့အတူ ဆုဖလားဆွတ်ခူးရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပေါ့ဗျာ” လို့ ဆေးလ်ဗားက ပြောဆိုသွားခဲ့ပါတယ်။

Nations League ပြိုင်ပွဲရဲ့အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်က ရရှိသွားခဲ့ပြီး၊ ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးဆုကိုတော့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ရရှိသွားခဲ့ပါတယ်။

Twitter

Linn

Source : SkySports

READ  မနေ့ညကပွဲမှာတစ်ဦးတည်း Hat-Trick သုံးကြိမ်သွင်းသွားတဲ့နော်ဝေတိုက်စစ်မှူးလေး