ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ Nations League ဗိုလ်လုပွဲဆီ တက်ရောက်သွားပြီဖြစ်တဲ့ နောက်ခံလူ ဖွန်တီကတော့ သူ့ရဲ့ကလပ်အသင်းဖော်ဟောင်း ဗန်ဒိုက်နဲ့ နိုင်ငံအသင်းဖော် ရော်နယ်ဒို တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်ပါတယ်။

ဆောက်သမ်တန်အသင်းမှာ ဗန်ဒိုက်နဲ့အတူတွဲပြီး ကစားခဲ့ဖူးတဲ့ ဖွန်တီဟာ နိုင်ငံလက်ရွေးစင်အသင်းမှာတော့ ရော်နယ်ဒိုနဲ့ အတူတွဲကစားနေရသူပါ။ သူက ဗန်ဒိုက်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပေမယ့် ဗန်ဒိုက်ကို ကျော်ဖြတ်နိုင်တဲ့ ကစားသမားအနည်းငယ်သာရှိပြီး အဲဒီထဲမှာ ရော်နယ်ဒိုလည်းပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

(AP Photo/Martin Meissner)

သူပြောတာက ရှင်ရှင်းလေးပါ။ “ဗန်ဒိုက်ကို ရော်နယ်ဒို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်” တဲ့။

ဖွန်တီဟာ ဆောက်သမ်တန်အသင်းမှာ ဗန်ဒိုက်နဲ့ (၂)ရာသီအထိ တွဲကစားခဲ့ဖူးပြီး ဗန်ဒိုက်ရဲ့အရည်အချင်းကို အဲဒီကတည်းက သတိထားခဲ့မိတယ်လို့ ပြောဆိုသွားခဲ့တာပါ။

(AP Photo/Luis Vieira)

“သူဆောက်သမ်တန်ကို ရောက်လာခဲ့တဲ့အချိန်ကတည်းက ဆီးဒရစ်အပါအ၀င် အခြားအသင်းဖော်တွေကို ကျွန်တော် ပြောလေ့ရှိပါတယ်။ ဒီကောင်က ကမ္ဘာပေါ်မှာအကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်မယ့်ကောင် ဆိုပြီးတော့ပေါ့။ ဗန်ဒိုက်ကိုကျော်ဖြတ်ဖို့ဆိုတာ လုံးဝမလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် ဘယ်သူမှ မကျော်ဖြတ်နိုင်ဘူးလို့တော့မဟုတ်ပါဘူး။ အချက်အလက်တွေကို ပြန်ကြည့်ရင် သူ့ကိုကျော်ဖြတ်နိုင်မယ့် ကစားသမားနည်းနည်းလေးပဲရှိပြီး အဲဒီထဲမှာ ခရစ္စတီယာနို ပါ ပါတယ်” လို့ ဖွန်တီက ဆိုပါတယ်။

(AP Photo/Armando Franca)

လာမယ့် တနင်္ဂနွေညမှာ ကစားရမယ့် ပေါ်တူဂီနဲ့နယ်သာလန်တို့ရဲ့ Nations League ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုအနေနဲ့ ဗန်ဒိုက်ကို တကယ်ပဲ ကျော်ဖြတ်နိုင်မလားဆိုတာကတော့ မေးခွန်းတွေရှိနေဆဲပါ။

ရော်နယ်ဒိုက ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ Hat-Trick သွင်းယူနိုင်ခဲ့သလို ဗန်ဒိုက်ကလည်း အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အမြင့်ဘောရှင်းထုတ်မှုအားလုံးအောင်မြင်ခဲ့သူပါ။ ဒါ့အပြင် သူတာဝန်ယူရတဲ့ဘောလုံးဖျက်ထုတ်မှု မှန်သမျှလည်းအောင်မြင်ခဲ့ပြီး အသင်းဖော်တွေဆီ ဘောလုံးပေးပို့မှုကလည်း (၉၆)ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့ပါတယ်။

(AP Photo/Armando Franca)

ဒီအချက်တွေကြောင့် Nations League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ရော်နယ်ဒိုကပဲ ဗန်ဒိုက်ကို ကျော်ဖြတ်ပြသွားမလား၊ ဒါမှမဟုတ် ဗန်ဒိုက်ကပဲ ရော်နယ်ဒိုဘာမှလုပ်မရအောင် ထိန်းထားနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

Linn

Source : Goal

 

READ  လာပေါ်တေးနဲ့လာကာဇက် တို့မပါဝင်ခဲ့တဲ့ ပြင်သစ်လူစာရင်းထွက်ပြီ