အိုင်ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ မနေ့ညက သူ့ရဲ့ Instagram အကောင့်က story တခုတင်ခဲ့ပါတယ်။ အဲဒီ story မှာ ဥရောပခြေစစ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းထားတဲ့ သူရဲ့စံချိန်နဲ့ ရော်နယ်ဒိုရဲ့ (လစ်သူယေးနီးယားနဲ့ပွဲမတိုင်မီ) သွင်းဂိုး ကို ယှဉ်တွဲဖော်ပြထားတာပါ။
ဒါ့အပြင် ရော်ဘီကိန်းက သူ့ရဲ့ story မှာ ရော်နယ်လ်ဒိုကို mention ခေါ်ပြီး ‘ခရစ္စတီယာနိုရေ.. မင်းမှာ စံချိန်တွေ အတော်များများ ပိုင်ဆိုင်နေပြီးသားပါကွာ… ဒါလေးတော့ ချမ်းသာပေးပါ ’ လို့ ရေးပြီးတင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်ဘီကိန်း တယောက် ကံမကောင်းခဲ့ပါဘူး။ Instagram မှာ ရော်ဘီကိန်း story တင်အပြီး နာရီပိုင်းအတွင်းမှာပဲ သူ့ရဲ့စံချိန်ကို ရော်နယ်လ်ဒိုက ချိုးဖျက်ခဲ့ပါတော့တယ်။

ပေါ်တူဂီအသင်းဟာ ညကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ လစ်သူယေးနီးယားအသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ရော်နယ်လ်ဒိုက (၄)ဂိုးသွင်းယူခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုဟာ ဥရောပခြေစစ်ပွဲတွေမှာ ရော်ဘီကိန်းတင်ထားတဲ့ ဂိုးအများဆုံးစံချိန် (၂၃)ဂိုးကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ဥရောပခြေစစ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ရော်နယ်ဒိုဟာ လက်ရှိမှာ ပေါ်တူဂီအတွက် သွင်းဂိုး (၉၃)ဂိုးရှိသွားပြီဖြစ်ပြီး နိုင်ငံတကာပွဲတွေမှာ ဂိုးအများဆုံးသွင်းထားတဲ့ အီရန်တိုက်စစ်မှူးကြီး အလီဒါအီရဲ့ (၁၀၉)ဂိုး စံချိန်ကိုမှီဖို့ (၁၆)ဂိုးပဲ လိုတော့တယ်လို့ သိရပါတယ်။

စံချိန်အချိုးခံလိုက်ရတဲ့ ရော်ဘီကိန်းကတော့ သူ့ရဲ့ Instagram မှာ Story တခု အသစ်တင်ခဲ့ပြီး ရော်နယ်ဒိုကို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

Ko Puccy
Source: The Sun, Instagram