လက်ရှိ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ရွေးချယ်မယ်ဆိုရင် မျက်စိထဲမြင်မိမယ့် ကစားသမားက များများစားစားမရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား (၁၁)ယောက်ကို နေရာအလိုက်ရွေးရမယ်ဆိုရင်တော့ ခေါင်းစားရပါပြီ။ ဘာလို့လဲဆိုတော့ နေရာ (၁)နေရာချင်းစီအလိုက်ဆိုရင် အကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားတွေ များပြားနေလို့ပါပဲ။

အင်္ဂလန်အခြေစိုက် သတင်းစာတစောင်ဖြစ်တဲ့ Daily Mail ကတော့ ဘောလုံးရာသီမစခင်မှာ ဥရောပတလွှားမှာ ဖြန့်ကျက်ထားတဲ့ သူတို့ရဲ့ အားကစားကလောင်ရှင်တွေကို အလုပ်တခုပေးလိုက်ပါတယ်။ ဒါကတော့ သူတို့ရဲ့စိတ်ကြိုက် ကစားသမား(၁၁)ဦးနဲ့ဖွဲ့စည်းထားတဲ့ အကောင်းဆုံးအသင်းတွေကို ရွေးချယ်ပေးဖို့ပါပဲ။ Daily Mail ရဲ့ အားကစားကလောင်ရှင် (၉)ဦးက သူတို့ရဲ့ အကောင်းဆုံးကစားသမား (၁၁)ဦးစီကို ရွေးချယ်အပြီးမှာ ရွေးချယ်ခံရတဲ့အကြိမ်အရေအတွက်အပေါ်မူတည်ပြီးတော့ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမား (၁၁)ဦးကို Daily Mail က အခုလိုပဲ ထုတ်ပြန်လိုက်ပါတယ်။ (ဒီနေရာမှာ ကွင်းအတွင်း သွားရောက် သတင်းယူကြလေ့ရှိတဲ့ အားကစားကလောင်ရှင် တွေရဲ့ အသင်းစွဲကင်းကင်းနဲ့ ကွင်းအတွင်းခြေစွမ်းအပေါ်မူတည်ပြီး ရွေးချယ်ထားမှုကိုသာ ဖော်ပြပေးချင်တာဖြစ်ပြီး ပရိသတ်တဦးချင်စီနဲ့ အကြိုက်ချင်းကွဲပြားနိုင်တာကိုတော့ သည်းခံပေးစေလိုပါတယ်ဗျာ)

dailymail

ဂိုး – ယန်းအော့ဘလက် (အက်သလက်တီကိုမက်ဒရစ်)

အက်သလက်တီကိုအသင်းရဲ့  ဂိုးသမား အော့ဘလက်ကိုတော့ အားကစားကလောင်ရှင် (၅)ဦးက သူတို့ရဲ့အကောင်းဆုံးအသင်းမှာ ရွေးချယ်ခဲ့ပါတယ်။ မန်စီးတီးဂိုးသမား အီဒါဆင် ကိုတော့ (၂)ဦးကရွေးခဲ့ပြီး လီဗာပူးလ်ဂိုးသမား အယ်လီဆန် နဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂန်တို့ကို ကျန်တဲ့ (၂)ဦးက ရွေးခဲ့ပါတယ်။

ညာနောက်ခံလူ – အာနိုး (လီဗာပူးလ်)

လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်ကိုတော့ (၄)ဦးကရွေးခဲ့ပြီး (၃)ဦးက ဘိုင်ယန်မြူးနစ်နောက်ခံလူ ကင်းမစ်ခ်ျကို ရွေးခဲ့ပါတယ်။ ကျန်(၂)ဦးကတော့ ဘာစီလိုနာနောက်ခံလူ ဆီမီဒိုနဲ့ ဂျူဗင်တပ်စ်နောက်ခံလူ ဒီဆီဂလီယို တို့ကို ရွေးချယ်ခဲ့ပါတယ်။

နောက်ခံအတွင်းလူ(၂)ဦး – ဘာရန်း (ရီးရဲလ်မက်ဒရစ်)၊ ဗန်ဒိုက်ခ်ျ (လီဗာပူးလ်)

နောက်ခံအတွင်းလူ (၂)ဦးအနက် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ခ်ျကိုတော့ ကလောင်ရှင် (၉)ဦးစလုံးက ရွေးချယ်ခဲ့ကြပါတယ်။

(AP Photo/Dave Thompson)

လက်ကျန် (၁)နေရာအတွက်ကိုတော့ ရီးရဲလ်နောက်ခံလူ ဗာရန်းကို (၃)ဦးကရွေးချယ်ခဲ့ပြီး အေဂျက်စ်(ယခု ဂျူဗင်တပ်စ်)နောက်ခံလူ ဒီလစ်ကိုတော့ (၂)ဦးကရွေးချယ်ခဲ့ပါတယ်။ ကျန်တဲ့ (၄)ဦးကတော့ ရီးရဲလ်နောက်ခံလူ ရာမို့စ်၊ ဘာစီလိုနာနောက်ခံလူ ပီကေး၊ PSG နောက်ခံလူ မာကွင်ဟို့စ် နဲ့ အက်သလက်တီကိုနောက်ခံလူ(ယခု အင်တာမီလန်) ဂိုဒင် တို့ကိုရွေးချယ်ခဲ့ကြပါတယ်။

ဘယ်နောက်ခံလူ – ရောဘတ်ဆန် (လီဗာပူးလ်)

ဒီနေရာမှာတော့ မဲအရေအတွက်တူညီနေပေမဲ့ ချန်ပီယံလိဂ်မှာခြေစွမ်းပြခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်ကို DailyMail က ရွေးချယ်လိုက်တာကို တွေ့ရပါတယ်။ ရောဘတ်ဆန် နဲ့ ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာ တို့ကို (၃)ဦးစီက ရွေးခဲ့ကြပြီး ရီးရဲလ် နောက်ခံလူ မာဆယ်လိုကို (၂)ဦးနဲ့ အေဂျက်စ် ဘယ်နောက်ခံလူ တက်ဂ်လီယာဖီကို ကို (၁)ဦးက ရွေးခဲ့ကြပါတယ်။

ကွင်းလယ်ဗဟို – ကန်တေ (ချယ်လ်ဆီး)

ချယ်လ်ဆီးကွင်းလယ်လူ ကန်တေကို ကလောင်ရှင် (၆)ဦးကရွေးခဲ့ပြီး ဘာစီလိုနာကွင်းလယ်လူ ဘက်စ်ကွက် ကို (၂)ဦးနဲ့ ဗလင်စိယာ ကွင်းလယ်လူ ပါရီဂျိုကို (၁)ဦးက ရွေးချယ်ခဲ့ပါတယ်။

kante/twitter

ကွင်းလယ်တိုက်စစ် – ဘနာဒိုဆေးလ်ဗား (မန်စီးတီး)၊ ဟာဇက် (ရီးရဲလ်မက်ဒရစ်)

ကွင်းလယ်တိုက်စစ် (၂)နေရာအတွက်တော့ မန်စီးတီးကစားသမား ဘနာဒိုဆေးလ်ဗားက (၆)ကြိမ်အရွေးခံရပြီး ရီးရဲလ်(ယခင် ချယ်လ်ဆီး) ကစားသမား ဟာဇက်က (၄)ကြိမ်ရွေးခံခဲ့ရတာကြောင့် သူတို့(၂)ဦးစလုံးကိုရွေးချယ်လိုက်ပါတယ်။ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက (၂)ကြိမ် ရွေးချယ်ခံခဲ့ရပြီး ဒေါ့မွန်က မာကိုရူးစ်၊ PSG က နေမာ၊ စပါးက အဲရစ်ဆင်၊ ဘိုင်ယန်က သောမတ်စ်မူလာ၊ မန်ယူက ပေါ့ဘာ နဲ့ ရီးရဲလ်က တိုနီကရူးစ်တို့က (၁)ကြိမ်စီ အရွေးခံခဲ့ရပါတယ်။

bernardosilva/twitter

တိုက်စစ် – မက်ဆီ (ဘာစီလိုနာ)၊ အမ်ဘက်ပီ (PSG)၊ စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)

တိုက်စစ်အတွက် ရွေးချယ်မှုတွေမှာတော့ အားကစားကလောင်ရှင် (၉)ဦစလုံးဟာ သူတို့ရဲ့အကောင်းဆုံးအသင်းတွေမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ထည့်သွင်းခဲ့ကြတာကို တွေ့ရပါတယ်။

မက်ဆီရဲ့နောက်မှာတော့ PSG တိုက်စစ်မှူး အမ်ဘက်ပီက ရွေးချယ်ခံရတာ အများဆုံးဖြစ်ပြီး စုစုပေါင်း (၈)ဦးက ရွေးချယ်ခဲ့ကြပါတယ်။

READ  မန်ချက်စတာယူနိုက်တက်ကို ဘယ်လိုပြောင်းရွှေ့ဖြစ်ခဲ့သလဲဆိုတာ ဖွင့်ဟခဲ့တဲ့ မိုက်ကယ်အိုဝင်

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကိုလည်း ကလောင်ရှင် (၆)ဦးက ရွေးချယ်ခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဆာလာကိုတော့ (၂)ဦးကရွေးချယ်ခဲ့ပြီး၊ မန်စီးတီးကစားသမား စတာလင်နဲ့ လီဗာပူးလ်က မာနေးတို့က (၁)ကြိမ်စီ အရွေးခံခဲ့ရပါတယ်။

ဒါကြောင့် DailyMail သတင်းစာရဲ့ ဥရောပအခြေစိုက် အားကစားကလောင်ရှင်တွေရွေးချယ်တဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား (၁၁)ဦးကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

DailyMail

Ko Puccy