ပြီးခဲ့တဲ့ရက်ပိုင်းက ဗြိတိန်သတင်းစာအချို့က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ် နဲ့ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်တို့ ကတောက်ကဆ ဖြစ်ခဲ့ကြတဲ့အကြောင်းကို ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်မို့ အရင်တုန်းက လေ့ကျင့်ရေးကွင်းမှာ တသင်းတည်းကစားဖော်တွေအချင်းချင်းဖြစ်ခဲ့ဖူးတဲ့ ရန်ပွဲတွေအကြောင်းကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။

နေမာ vs ဆီမီဒို

၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတုန်းက ဘာစီလိုနာကို ရောက်တာ မကြာသေးတဲ့ ဆီမီဒိုဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တခုမှာ နေမာရဲ့ ဘောလုံးစွမ်းရည်ပြမှုခံခဲ့ရ (ပေါင်ကြားထည့်ခံလိုက်ရ) တာကနေ အစပြုပြီး ရန်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အသင်းဖော်တွေဖြစ်တဲ့ ဘက်စကွက်စ်နဲ့ အူမီတီတီ တို့က ဝင်ရောက်ဖြန်ဖြေပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီး သိပ်မကြာခင်မှာပဲ နေမာဟာ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားပါတယ်။

အန်ဒီကာရိုးလ် vs စတီဗင်တေလာ

ဒါကတော့ ၂၀၁၀ ခုနှစ်တုန်းက ဖြစ်ခဲ့တာဖြစ်ပြီး အဓိကအကြောင်းရင်းကတော့ စတီဗင်တေလာက ကာရိုးလ်ရဲ့ ချစ်သူဆီကို text message တွေ ပို့လို့ပါတဲ့။ ဒါကိုသိသွားတဲ့ ကာရိုးလ်က လေ့ကျင့်ရေးကွင်းမှာ တေလာကို လက်သီးပစ်သွင်းခဲ့ပြီး တေလာတယောက် နှာခေါင်းရိုး ကျိုးသွားခဲ့ပါတယ်တဲ့။ နယူးကာဆယ်ပရိသတ်တွေကတော့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုသိပြီးနောက်မှာ အန်ဒီကာရိုးလ်ဘက်ကနေ ရပ်တည်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဟတ်ဒ်ဆန် vs ဘာကိုဗစ်

၁၉၉၈ ခုနှစ်က ဝက်စ်ဟမ်းအသင်းရဲ့လေ့ကျင့်ရေးကွင်းမှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ ဟတ်ဒ်ဆန်ရဲ့ ကန်ချက်ကြောင့် နာမည်ကြီးခဲ့ပါတယ်။ ဟတ်ဒ်ဆန်ရဲ့ဖျက်ထုတ်မှုကို မကျေနပ်တဲ့ ဘာကိုဗစ်က ဟတ်ဒ်ဆန်ကို ထိုးလိုက်ရာမှာ ဟတ်ဒ်ဆန်က ဒေါသတကြီးနဲ့ ဘာကိုဗစ်ရဲ့ ခေါင်းကိုဖြတ်ကန်ခဲ့တာပါ။ နောက်ပိုင်းမှာ ဘာကိုဗစ်က ‘ကျွန်တော့်ခေါင်းသာ ဘောလံးဆိုရင် ဂိုးထောင့်ထဲကို တန်းခနဲနေမှာပဲ’ လို့ ဟာသနှောပြီးပြောခဲ့ပါတယ်။

မီထရိုဗစ် vs ကာမာရာ

ဒီဖြစ်ရပ်ကတော့ ဒီနှစ်ဇန်နဝါရီလကမှ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖူလ်ဟမ်းအသင်းရဲ့ ယောဂလေ့ကျင့်ခန်းအစီအစဉ်မှာဖြစ်တာပါတဲ့။ ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ ကာမာရာက ယောဂ ဆရာမကို မလေးစားတဲ့အပြုအမူတွေ ပြုလုပ်လို့ဖြစ်တာလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်မဖြစ်ခင် ရက်သတ္တပတ်က ဖူလ်ဟမ်အသင်းရဲ့ပွဲစဉ်တခုမှာ ပယ်နယ်တီကို မီထရိုဗစ်ကို မပေးဘဲကိုယ်တိုင်ကန်ဖို့ကြိုးစားတဲ့ ကာမာရာရဲ့လုပ်ရပ်ကနေ အခြေတည်လာတာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

လွန်းဘတ် vs မဲလ်ဘတ်

ဆွီဒင်အသင်းရဲ့ ၂၀၁၂ ကမ္ဘာ့ဖလားမတိုင်မီ လေ့ကျင့်ရေးကွင်းမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတုန်းက အာဆင်နယ်မှာကစားနေတဲ့ လွန်းဘတ်နဲ့ အက်စတန်ဗီလာမှာ ကစားနေတဲ့ မဲလ်ဘတ်တို့ဟာ တနိုင်ငံတည်းသားတွေဖြစ်ပေမဲ့ (၂)ဦးဆုံတွေ့တဲ့ ကလပ်အသင်းပွဲစဉ်တွေမှာ ကြမ်း ကြမ်းတမ်းတမ်းကစားကြရင်း နိုင်ငံအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာပါ ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာလိုတယ်လီ vs မန်စီနီ

ဒါကတော့ ထူးထူးဆန်းဆန်း ကစားသမား နဲ့ အသင်းနည်းပြရဲ့ ရန်ပွဲပါ။ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော် စကော့ ဆင်ကလဲယားကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ ဘာလိုတယ်လီကို မန်စီနီက မကျေမနပ်ဖြစ်ပြီး ကွင်းထဲကနေ ဆွဲထုတ်ခဲ့တာပါ။ နည်းပြအဖွဲ့ဝင်တွေက ဝင်ရောက်ဟန့်တားခဲ့ရပြီး မကြာခင်မှာ မန်စီးတီးအသင်းဟာ ဘာလိုတယ်လီကို အေစီမီလန်အသင်းဆီ ရောင်းထုတ်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ် vs အွန်ယီဝူး

တိုက်ကွမ်ဒို ခါးပတ်နက်ရထားတဲ့ အီဘရာဟီမိုဗစ်နဲ့ အရပ် ၆ ပေ ၃ လက်မရှိတဲ့ အမေရိကန်နောက်ခံလူ အွန်ယီဝူးတို့ အေစီမီလန်အသင်းရဲ့ လေ့ကျင့်ကွင်းမှာ ရန်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အွန်ယီဝူးက သူ့ရဲ့ကိုယ်တိုင်ရေးစာအုပ်မှာ အခုလိုဖော်ပြခဲ့ပါတယ်။ ‘သူ့ကို ကျွန်တော် ခေါင်းနဲ့ တိုက်လိုက်ပြီး ရန်ပွဲစဖြစ်တာပါပဲ။ တယောက်နဲ့တယောက် ဒေါသတကြီးနဲ့ လက်သီးတွေ ဒူးပျံတွေ ကျွေးမိခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်တော့် ရင်ဘတ်က တော်တော်နာသွားခဲ့တာပါ’ လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီရန်ပွဲမှာ အီဘရာဟီမိုဗစ်တယောက် နံရိုးကျိုးခဲ့ပြီး အွန်ယီဝူးဟာလည်း အေစီမီလန်အတွက် တပွဲမှမကစားလိုက်ရဘဲ ရောင်းထုတ်ခံခဲ့ရပါတယ်။

ဘာတန် vs ဒါဘို

မန်စီးတီးကစားဖော်တွေဖြစ်တဲ့ ဘာတန်နဲ့ ဒါဘို တို့ရဲ့ ရန်ပွဲက တရားရုံးအထိရောက်ခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာ ဒါဘိုရဲ့ ကစားပုံကို မကျေနပ်လို့ ဘာတန်က စပြီး လက်သီးနဲ့ထိုးခဲ့ပြီး ဒါဘိုတယောက် မျက်ကြည်လွှာထိခိုက်ခဲ့ရပါတယ်။ တရားရုံးကတော့ ဘာတန်ကို ဒဏ်ငွေ ပေါင် (၃)ထောင်နဲ့ ဆိုင်းငံ့ထောင်ဒဏ် (၄)လ ချမှတ်ခဲ့ပြီး FA ကလည်း ဘာတန်ကို ဒဏ်ငွေ (၂၅,၀၀၀) နဲ့အတူ (၆)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

READ  PSG-မန်ယူပွဲကို(၅)ပေါင်လောင်းရာကနေ ပေါင်(၇၅၀၀)အထိရရှိသွားခဲ့တဲ့အမျိုးသား

Ko Puccy

Source; Wikipedia, The Sun, MailOnline