မနေ့ညက ချယ်လ်ဆီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူနိုက်တက်အတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်က (၂)ဂိုး၊ မာရှယ်က (၁)ဂိုးနဲ့ ဒီရာသီမှာမှ မန်ယူနိုက်တက်ကို ရောက်လာတဲ့ ကစားသမားသစ် ဒန်နီယယ်ဂျိမ်းစ်က (၁)ဂိုးစီ သွင်းခဲ့ကြတာပါ။

danieljames/twitter

ဂျိမ်းစ်ကတော့ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့တဲ့ (၁၉)ယောက်မြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် အရင်က မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့ကြတဲ့ ကစားသမား (၁၈)ဦးကို ဖော်ပြပေးလိုက်ပါတယ်။

လူကာကူ (ဝက်စ်ဟမ်း၊ ၂၀၁၇)

၂၀၁၇-၁၈ ဘောလုံးရာသီက မန်ယူအသင်းကိုရောက်လာခဲ့တဲ့ လူကာကူဟာ မန်ယူနိုက်တက်အတွက် သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ လူကာကူဟာလည်း ဂျိမ်းစ်လိုပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၁)မှာပဲ မန်ယူအတွက် ဂိုးသွင်းနိုင်ခဲ့တာပါ။

premierleague.com

ဟားရော့ပ် (ခရစ္စတယ်ပဲလေ့စ်၊ ၂၀၁၇)

၂၀၁၆-၁၇ ဘောလုံးရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းက လူငယ်ကစားသမား ဂျော့ရှ်ဟားရော့ပ်ဟာ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ဟားရော့ပ်ဟာ ပရက်စ်တန်နော့အန့် အသင်းမှာ ကစားနေပါတယ်။

skysports

အီဗရာဟီမိုဗစ် (ဘွန်းမောက်၊ ၂၀၁၇)

ဆွီဒင်တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ဟာ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ဖြစ်တဲ့ ဘွန်းမောက်အသင်းနဲ့ပွဲစဉ်မှာပဲ မန်ယူနိုက်တက်အသင်း အတွက် ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

premierleague.com

ရက်ရှ်ဖို့ဒ် (အာဆင်နယ်၊ ၂၀၁၆)

တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ ၂၀၁၆ ဖေဖော်ဝါရီ ၂၈ တုန်းက အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲမှာ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ကစားခဲ့ပြီး (၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။

manutd.com

မာရှယ်လ် (လီဗာပူးလ်၊ ၂၀၁၅)

မန်ယူအသင်းကို ၂၀၁၅ ခုနှစ်ကရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူး မာရှယ်လ်ဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဝီလ်ဆင် (ဟူးလ်စီးတီး၊ ၂၀၁၄)

လူငယ်တိုက်စစ်မှူး ဂျိမ်စ်ဝီလ်ဆင်ဟာ ၂၀၁၃-၁၄ ရာသီက မန်ယူနိုက်တက်အသင်းကို ယာယီနည်းပြ ရိုင်ယန်ဂစ်ကိုင်တွယ်စဉ် ဟူးလ်စီးတီးနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်အဖြစ် ကစားခွင့်ရခဲ့ပြီး (၂)ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဘတ်ဒ်နာ (ဝီဂန်၊ ၂၀၁၂)

မန်ယူနိုက်တက်အသင်းကို ၂၀၁၂ ခုနှစ်ကရောက်ရှိလာခဲ့တဲ့ ဟော်လန်နောက်ခံလူ ဘတ်ဒ်နာဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ဝီဂန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပါဝဲလ် (ဝီဂန်၊ ၂၀၁၂)

ဘတ်ဒ်နာလိုပဲ ၂၀၁၂ မှာ မန်ယူနိုက်တက်ကိုရောက်လာတဲ့ နစ်ပါဝဲလ်ဟာလည်း ဝီဂန်နဲ့ပွဲမှာ လူစားဝင်ကာ အသင်းအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ကိုကစားခွင့်ရခဲ့ပြီး ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

မာချီဒါ (ဗီလာ၊ ၂၀၀၉)

ဒီဂိုးကတော့ မန်ယူနိုက်တက်ပရိသတ်တွေ အမှတ်ရနေမဲ့ဂိုးပါပဲ။ အီတလီလူငယ်တိုက်စစ်မှူး မာချီဒါဟာ ဗီလာအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် လူစားဝင်ကစားခဲ့ပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

manutd.com

ဝဲလ်ဘတ် (စတုတ်စီးတီး၊ ၂၀၀၈)

တိုက်စစ်မှူး ဝဲလ်ဘတ်ဟာ ၂၀၀၈-၀၉ ဘောလုံးရာသီက စတုတ်စီးတီးကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။

အီးဂဲလ် (အဲဗာတန်၊ ၂၀၀၇)
တောင်ပံကစားသမား ခရစ္စအီးဂဲလ်ဟာ ၂၀၀၆-၀၇ ဘောလုံးရာသီက အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် လူစားဝင်ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရော့ဆီ (ဆန်းဒါးလန်၊ ၂၀၀၅)

အီတလီတိုက်စစ်မှူး ဂူဆက်ပီရော့ဆီဟာ ၂၀၀၅-၀၆ ရာသီက ဆန်းဒါးလန်းနဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ကစားခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဟိန့်ဇီ (ဘော်လ်တန်၊ ၂၀၀၄)

၂၀၀၄-၀၅ ဘောလုံးရာသီမှာ မန်ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ ဟိန့်ဇီဟာ ဘော်လ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက်ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဆာဟာ (ဆောက်သမ်တန်၊ ၂၀၀၄)

၂၀၀၄ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကိုရောက်ရှိလာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူ လူးဝစ်ဆာဟာ တယောက် ပထမဆုံးပါဝင် ကစားခွင့်ရတဲ့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

manutd.com

နစ္စတယ်ရွိုင်း (ဖူလ်ဟမ်၊ ၂၀၀၁)

နယ်သာလန်တိုက်စစ်မှူး နစ္စတယ်ရွိုင်းဟာ သူရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် (၂)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

READ  အံ့အားသင့်ဖွယ်ဘောလုံးစကေးကြောင့် အင်တာနက်မှာနာမည်ကြီးသွားခဲ့တဲ့ကွာလင်ဂျီ

ဆိုးလ်ရှား (ဘလက်ဘန်း၊ ၁၉၉၆)

လက်ရှိမန်ယူနိုက်တက်နည်းပြကြီး ဆိုးလ်ရှားဟာလည်း မန်ယူအသင်းနဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်မှာတင် ဂိုးသွင်းနိုင်ခဲ့သူပါ။ မိုလ်ဒီ အသင်းကပြောင်းလာတဲ့ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ဘလက်ဘန်းနဲ့ပွဲမှာတင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။

စခိုးလ် (အစ်ဝစ်ခ်ျ၊ ၁၉၉၄)

မန်ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးတဦးဖြစ်တဲ့ ပေါစခိုးလ်ဟာ လူငယ်ကစားသမားဘဝက အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်တဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူဟာ Class of 92 မျိုးဆက်တွေထဲမှာမှ အသင်းအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာတင် ဂိုးသွင်းနိုင်ခဲ့တဲ့ တဦးတည်းသေားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပေမဲ့ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ကတော့ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

 

မာ့ခ်ဟုခ်ျ (ရှက်ဖီးယူနိုက်တက်၊ ၁၉၉၂)

ဒါကတော့ ပရီးမီးယားလိဂ်လို့ စတင်အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂-၉၃ ရာသီမှာ မန်ယူနိုက်တက်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်အပြင် အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလို့လည်း ပြောလို့ရတဲ့ဂိုးပါ။ ထူးခြားတာက မန်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ (၂)ပွဲဆက် ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး (၄)ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ်မှာမှ နိုင်ပွဲစတွေ့ခဲ့တာပါ။ ဒါပေမဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာတင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Ko Puccy
Source: Mirror, Wikipedia