မန်ချက်စတာယူနိုက်တက်အသင်းဟာ အသစ်ခေါ်ယူလိုက်တဲ့ ကစားသမား ဟယ်ရီမက်ဂွိုင်းယား ဝတ်ဆင်မဲ့ ကျောနံပါတ်ကို ထုတ်ပြန်ကြေ ညာခဲ့ပြီဖြစ်ပါတယ်။ နောက်ခံလူတွေထဲမှာ ကြေးအကြီးဆုံးအဖြစ် ပေါင်သန်း(၈၀)နဲ့ လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မက်ဂွိုင်းယားဟာ မန်ယူအသင်းမှာ ကျောနံပါတ် (၅)ကို ဝတ်ဆင်ကစားမှာပဲ ဖြစ်ပါတယ်။

ဗဟိုခံစစ်မှူး တော်တော်များများ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ် (၅)ဟာ မန်ယူအသင်းမှာ ပြီးခဲ့တဲ့ (၁)ရာသီလုံး လစ်လပ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမစတင်ခင်မှာ အာဂျင်တီးနားနောက်ခံလူ ရိုဟိုက သူဝတ်ဆင်နေတဲ့ ကျောနံပါတ် (၅)ကို စွန့်လွှတ်ပြီး ကျောနံပါတ် (၁၆)ကို ပြောင်းလဲဝတ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် မနှစ်ကတည်းက မန်ယူအသင်းကို နောက်တန်းခံစစ်မှူးတဦး ရောက်လာမယ်လို့ အားလုံးက ခန့်မှန်းခဲ့ကြပေမဲ့ ဒီရာသီမှာမှ နောက်ခံလူတဦးကို ဝယ်ယူနိုင်ခဲ့တာပါ။

ManUtd/Twitter

အာဂျင်တီးနား နောက်ခံလူ ရိုဟိုဟာ ၂၀၁၄ ခုနှစ် စပို့တင်းလစ္စဘွန်းက ပြောင်းရွှေ့လာကတည်းက ကျောနံပါတ် (၅)ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး (၄)ရာသီတိုင်တိုင် ကျောနံပါတ် (၅)နဲ့ ကစားခဲ့တာပါ။ သူ့အတွက် မန်ယူကစားသမားဘဝ (၅)ရာသီမြောက်မှာတော့ ကျောနံပါတ် (၁၆)ကို ပြောင်းလဲဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ရိုဟိုကတော့ မန်ယူအသင်းမှာ လက်ရှိအချိန်အထိတော့ ပွဲပေါင်း (၁၁၃)ပွဲ ကစားပေးထားပါတယ်။

ရိုဟိုရဲ့ အရှေ့မှာ ကျောနံပါတ် (၅)ကို ဝတ်ဆင်ခဲ့တာကတော့ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ရီယိုဖာဒီနန်ပါ။၂၀၀၂ ခုနှစ်မှာ လိဒ်ယူနိုက်တက် အသင်းကနေ အဲဒီအချိန်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဖာဒီနန်ဟာ မန်ယူအ သင်းရဲ့ ခံစစ်မှာ ကျောနံပါတ် (၅)ကို (၁၁)နှစ်ကြာ ဝတ်ဆင်ခဲ့သူဖြစ်ပါတယ်။ ဖာဒီနန်ဟာ မန်ယူအသင်းအတွက် ပွဲပေါင်း (၄၅၅)ပွဲ ကစားပေးခဲ့သူ တဦးပါ။

ဒါပေမဲ့ ဖာဒီနန်တယောက် သူ့ရဲ့ ပထမဆုံးရာသီမှာတော့ ကျောနံပါတ်(၆)ကို ဝတ်ခဲ့ရတာပါ။ ဘာလို့လည်းဆိုတော့ အဲ့ဒီအချိန်တုန်းက ပြင်သစ် ခံစစ်မှူးကြီး လောရင့်ဘလန့်က ကျောနံပါတ် (၅)ကို ဝတ်ဆင်နေလို့ပါပဲ။ လောရင့်ဘလန့်ဟာ မန်ယူအသင်းမှာ (၂)ရာသီကစားခဲ့ပြီး ပွဲပေါင်း (၇၅)ပွဲ ကစားပေးခဲ့တဲ့ ဝါရင့်နောက်ခံလူ တဦးပါ။

Pintrest

လောရင့်ဘလန့်ရဲ့ ရှေ့မှာတော့ နော်ဝေနောက်ခံလူ ရွန်နီဂျွန်ဆင်က ကျောနံပါတ်(၅)ကို ဝတ်ဆင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ တူရကီကလပ် ဘက်ဆစ်တပ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဟော်လန်နောက်ခံလူ စတမ်းနဲ့ အတွဲညီခဲ့တဲ့ ဂျွန်ဆင်ဟာ မန်ယူအတွက် (၆)ရာသီ အတွင်း ပွဲပေါင်း (၁၅၀)ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုများစွာ ရခဲ့ပါတယ်။

Pintrest

ဒါပေမဲ့ ၁၉၉၂ ခုနှစ် ပရီးမီးယားလိဂ် စစချင်းမှာ မန်ယူအတွက် ကျောနံပါတ် (၅)ကိုဝတ်ဆင်ခဲ့တာက ခံစစ်ကစားသမား မဟုတ်ခဲ့ပါဘူး။ တောင်ပံတိုက်စစ် ကစားသမား လီရှပ်ပါ။ လီရှပ်ဟာ မန်ယူအတွက် (၈)ရာသီကစားခဲ့ပြီး ပွဲပေါင်း (၁၉၃)ပွဲအထိ ကစားပေးခဲ့တဲ့ တိုက်စစ်ကစားသမားတဦးပါ။

အဲဒီမတိုင်မီကာလတွေမှာတော့ ကွင်းအတွင်းမှာ နံပါတ် (၁)ကနေ (၁၁)အထိပဲ ရှိခွင့်ပြုသလို၊ နာမည်လေးရေးခွင့်မပြုတာကြောင့် ကျောနံပါတ် (၅)ကို နောက်တန်းလူတွေသာ အဝတ်များခဲ့ပါတယ်။ ထူးခြားတာတခုက လက်ရှိမန်ယူအသင်းရဲ့ လက်ထောက်နည်းပြ မိုက်ဖီလန်ဟာလည်း မန်ယူကစားသမားဘဝမှာ ကျောနံပါတ် (၅)ကို ဝတ်ဆင်ခဲ့သူဖြစ်ပါတယ်။

Ko Puccy
Source: Wikipedia, ManUtd.com

READ  (၇.၈.၂၀၁၉)အတွက် နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ