အသက် (၂၀)အရွယ်ကနေ (၃၀)ကိုချဉ်းနှင်းဝင်ရောက်လာပြီဆိုရင် ပြောလေ့ရှိတဲ့ စကားတခွန်းက ထိပ်စီးပြောင်းပြီ ဆိုတာပါ။ ကိုယ်ကာယကြံ့ခိုင်မှုကို အသားပေးတဲ့ အားကစားလောကမှာတော့ အခုလို အသက်(၃၀)ကိုရောက်ပြီဆိုရင် အကျပိုင်းကိုရောက်ပြီလို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုထိပ်စီးပြောင်းပေမဲ့ လူငယ်တွေနည်းတူ ခြေစွမ်းပြဆဲကစားသမားတွေလို အများအပြားရှိနေကြဆိုပါ။

ဒီတခေါက်မှာတော့ လက်ရှိပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ အသက်(၃၀)နဲ့အထက် အကောင်းဆုံးအသင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဂိုး – ပက်ထရီစီရို (ဝုလ်ဗ်) အသက် – ၃၀

ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ဂိုးသမားကြီးဟာ အသင်းအတွက်လက်စွမ်းပြဆဲဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းအတွက် ဂိုးမပေးရတဲ့ပွဲ (၁၀)ပွဲရှိခဲ့ပါတယ်။ ဒီရာသီမှာလည်း သူ့ရဲ့အမှားကနေ ဂိုးပေးရတာ (၂)ဂိုးပဲရှိထားသူပါ။

ညာနောက်ခံ – အက်စ်ပီလီကွီတာ (ချယ်လ်ဆီး) အသက် – ၃၀

ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ကြီးကတော့ ပြီးခဲ့တဲ့ (၄)ရာသီအတွင်း ချယ်လ်ဆီးအတွက် (၂)ပွဲပဲလွဲချော်ခဲ့သူပါ။ ဒီရာသီမှာလည်း အသင်းအတွက်ပွဲတိုင်းကစားထားတဲ့ အက်စ်ပီလီကွီတာဟာ ချယ်လ်ဆီးနဲ့အတူ ပြည်တွင်းရော၊ ပြည်ပမှာပါ အောင်မြင်မှုတွေ ရယူထားသူဖြစ်ပါတယ်။

ခံစစ်အတွင်း – ဂျွန်နီအီဗန်စ် (လက်စတာ) အသက် – ၃၁

မက်ဂွိုင်းယားထွက်သွားတဲ့ လက်စတာခံစစ်မှာ နောက်ခံလူသစ် ဆိုယန်ကူနဲ့ အတွဲညီညီခြေစွမ်းပြနေသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက စမောလင်းနဲ့ ဖီးလ်ဂျုံးစ်ကို အသင်းမှာဆက်ထားပြီး သူ့ကိုထွက်ခွာစေခဲ့တဲ့ ဆုံးဖြတ်ချက်က မှားယွင်းကြောင်း ဆက်လက်သက်သေပြနေသူဆိုရင်လည်း မမှားပါဘူး။

ခံစစ်အတွင်း – ဘန်မီး (ဘန်လေ) အသက် – ၃၀

ဘန်လေအသင်းရဲ့ အသင်းခေါင်းဆောင် ဘန်မီးဟာ တွဲဖက်ခံစစ်မှူးတွေဖြစ်တဲ့ မိုက်ကယ်ကိန်း (လက်ရှိ အဲဗာတန်)၊ တာကောစကီးတို့နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ သူတို့လို အင်္ဂလန်အတွက် ရွေးချယ်ခြင်းမခံရဘဲ ကံမကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက Clean Sheet (၈)ပွဲရခဲ့တဲ့ ဘန်လေအသင်းအတွက် ပွဲတိုင်းကစားပေးထားသူလည်း ဖြစ်ပါတယ်။

ဘယ်နောက်ခံလူ – ဗာတွန်ဂန် (စပါး) အသက် – ၃၂

လက်ရှိရာသီ စပါးအသင်းရဲ့ ရုန်းကန်မှုတွေကို ခဏဖယ်ထားပြီးကြည့်မယ်ဆိုရင် ဗာတွန်ဂန်ဟာ အသင်းအတွက် အရေးပါတဲ့ခံစစ်မှူးတဦးဆိုတာကို တွေ့နိုင်မှာပါ။ နောက်ခံအတွင်းလူနေရာမှာသာမက ဘယ်နောက်ခံလူနေရာမှာပါ ကစားနိုင်တဲ့ ဗာတွန်ဂန်ရဲ့ အဓိကအားသာချက်က ပွဲကို အကောင်းဆုံးဖတ်နိုင်တာဖြစ်ပြီး သူ့ရဲ့ ပေးပို့မှုတွေကလည်း အဆင့်အတန်းမြင့်လှပါတယ်။

ကွင်းလယ် – မာ့ခ်နိုဗယ်လ် (ဝက်စ်ဟမ်း) အသက် – ၃၂

အသက် (၃၀)နောက်ပိုင်းမှ ခြေစွမ်းတက်လာတဲ့ကစားသမားလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတဲ့ နိုဗယ်လ်ဟာ ဝက်စ်ဟမ်းကွင်းလယ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြေးလွှားကစားနေနိုင်တုန်းပါ။ ဝက်စ်ဟမ်းအတွက် ဘယ်လောက်အရေးပါမှန်းသိသာစေသလဲဆိုရင်တော့ သူမပါတဲ့ပွဲတွေမှာ ဝက်စ်ဟမ်းအသင်းဟာ ခေါင်းဆောင်မဲ့နေပြီး ကြုံရာကန်သလိုဖြစ်နေခဲ့တဲ့အထိ ခြေစွမ်းက ဆိုးရွားနေခဲ့ပါတယ်။

ကွင်းလယ် – ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး) အသက် – ၃၃

ဒီရာသီပြီးရင် ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့များနေတဲ့ ဒေးဗစ်ဆေးလ်ဗားကို မန်စီးတီးပရိသတ်တွေ ချစ်စနိုးခေါ်ကြတာက မှော်ပညာရှင် ‘မာလင်’ ပါတဲ့။ မန်စီးတီးရဲ့ ခေတ်တခေတ် အစပျိုးချိန်မှာ အသင်းအတွက် ပရီးမီးယားလိဂ်မှာ ပွဲ(၂၉၀)ကစား၊ နိုင်ပွဲ(၂၀၀)ရ၊ (၅၅)ဂိုးသွင်း၊ (၈၇)ဂိုး ဖန်တီးပေးထားတဲံ ဆေးလ်ဗားကတော့ မန်စီးတီးအတွက် တကယ့် မှော်ပညာရှင်ပါပဲ။

ကွင်းလယ် – မီလ်နာ (လီဗာပူးလ်) အသက် – ၃၃

မီလ်နာရဲ့ ခြေစွမ်းကိုတော့ ဝိုင်အရက်နဲ့ နှိုင်းယှဉ်ရမလိုပါပဲ။ လီဗာပူးလ်အသင်းမှာ အကောင်းဆုံးပေးဆပ်နေတဲ့ မီလ်နာကတော့ အသင်းအတွက် ဘယ်နေရာမှာပဲကစားရသည်ဖြစ်စေ အကောင်းဆုံးခြေစွမ်းနဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတို့ကို ပေးစွမ်းနေတာပါ။

တိုက်စစ် – အဂွေရို (မန်စီးတီး) အသက် – ၃၁

၂၀၁၁ ခုနှစ်က သူ့အတွက် မန်စီးတီးအသင်းပေးခဲ့ရတဲ့ ပေါင်(၃၅)သန်းဆိုတာ အလွန်တန်တဲ့ဈေးနှုန်းလို့ ပြောလို့ရနေပါပြီ။ မန်စီးတီးအတွက်ကစားထားတဲ့ (၈)ရာသီအတွင်း (၆)ရာသီမှာ အမှတ်ပေးသွင်းဂိုး (၂၀)ကျော်ခဲ့တဲ့ အဂွေရိုဟာ လက်ရှိဘောလုံးရာသီမှာလည်း (၈)ပွဲကစား (၈)ဂိုးသွင်းထားပါသေးတယ်။

တိုက်စစ် – အူဘာမီယန် (အာဆင်နယ်) အသက် – ၃၀

အသက် (၃၀)ပြည့်သွားပေမဲ့ အူဘာမီယန်ရဲ့ အမြန်နှုန်းက ကျမသွားသေးပါဘူး။ အမြန်နှုန်းအတိုင်းပဲ သူ့ရဲ့ဂိုးသွင်းခြေစွမ်းကလည်း ထိပ်တန်းအဆင့်မှာရှိနေဆဲပါ။ ဒေါ့မွန်အတွက် (၁၄၄)ပွဲမှာ (၉၈)ဂိုးသွင်းခဲ့သလို၊ အာဆင်နယ်အတွက်လည်း လက်ရှိမှာ (၅၇)ပွဲကစားပြီး (၃၉)ဂိုး သွင်းထားပါတယ်။

READ  ပက်ပ်စီကြော်ငြာရိုက်ကွင်းမှာ တွေ့ခဲ့ရတဲ့မက်ဆီနဲ့ဆာလက်တို့ရဲ့ဘောလုံးစကေး

တိုက်စစ် – ဂျေမီဗာဒီ (လက်စတာ) အသက် – ၃၂

လက်စတာအသင်းရဲ့ တိုက်စစ်မှာဦးဆောင်နေဆဲ ဗာဒီဟာ လက်ရှိမှာ အသက် (၃၂)နှစ်ရှိပြီဖြစ်ပေမဲ့ လူငယ်တဦးအလား အသင်းရဲ့တန်ပြန်တိုက်စစ်တွေကို ပုံဖော်နေဆဲပါ။ နည်းပြသစ် ဘရန်ဒန်ရော်ဂျာစ်လက်ထက်မှာ (၁၈)ပွဲကစား (၁၄)ဂိုးသွင်းထားတဲ့ ဗာဒီဟာ ဒီရာသီမှာလည်း ဂိုးတွေသွင်းနေဆဲဖြစ်ပြီး လက်စတာရဲ့ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲပါ။

Ko Puccy
Source: 90min