‘Il Capitano’ လို့ ရိုးမားပရိသတ်တွေက ချစ်စနိုးခဲ့ခေါ်ကြတဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဖရန်ဆက်စကိုတော့တီဟာ ကစားသမားဘဝတလျှောက်လုံးကို ရိုးမားအသင်းမှာပဲ ကုန်ဆုံးခဲ့သူပါ။

အသင်းအတွက် စီးရီးအေမှာ (၂၅)ရာသီကြာကစားပေးခဲ့ပြီး (၇၈၆)ပွဲမှာ (၃၀၇)ဂိုးသွင်းပေးနိုင်ခဲ့တဲ့ တော့တီဟာ ကစားသမားဘဝက ဥရောပအသင်းကြီးများစွာရဲ့ ကမ်းလှမ်းမှုကိုရခဲ့ပေမဲ့ ရိုးမားအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူပါ။ သူ့ရဲ့ ကစားသမားဘဝမှာ ကလပ်အသင်းအောင်မြင်မှုအနေနဲ့ စီးရီးအေချန်ပီယံ (၁)ကြိမ်၊ ကိုပါအီတာလီယာ (၂)ကြိမ်နဲ့ အီတလီစူပါဖလား (၁)ကြိမ်ပဲရခဲ့ပြီး အသင်းသာပြောင်းခဲ့ရင် ဒီထက်ပိုပြီးအောင်မြင်မယ်၊ Ballon d’Or ဆုကိုပါ ရနိုင်မယ်လို့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်တာကို ခံခဲ့ရသူပါ။

b/r football

ဒါပေမဲ့ တော့တီဟာ ဆုဖလားအောင်မြင်မှုထက် သစ္စာတရားကို ပိုမိုအလေးထားခဲ့တာဖြစ်ပြီး ရိုးမားအသင်းအင်္ကျီတထည်တည်းကိုသာ ကစားသမားဘဝတလျှောက်လုံး ဝတ်ဆင်ခဲ့သူဖြစ်ပါတယ်။

b/r football

တော့တီဟာ သူ့ရဲ့ခြေစွမ်းက လက်ရှိဈေးကွက်မှာဆိုရင် ဘယ်လောက်တန်ကြေးရှိမလဲဆိုတဲ့ မေးခွန်းကို ယူရို သန်း(၂၀၀)ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ Sportbible နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ အခုလိုပြောခဲ့တာဖြစ်ပြီး တော့တီက ၂၀၀၄ ခုနှစ်တုန်းက ရီးရဲလ်အသင်းက သူ့ကိုခေါ်ယူဖို့ကြိုးစားခဲ့ဖူးတဲ့အကြောင်းကိုလည်း ပြန်ပြောင်းပြောခဲ့ပါသေးတယ်။

b/r football

‘၂၀၀၄ တုန်းက ရီးရဲလ်အသင်းက ကျွန်တော့်ကို ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ရီးရဲလ်မှာ ဇီဒန်း၊ ဖီဂို၊ ဘက်ခမ်၊ အိုဝင် တို့လို ကစားသမားတွေရှိနေချိန်ဖြစ်ပြီး ကြယ်စင်စုအသင်းမှာ သွားကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ပါ။ ဒါပေမဲ့ ဒါကို ကျွန်တော်က ရိုးမားအသင်းနဲ့ လဲခဲ့ပါတယ်။ ဆုဖလားတွေနဲ့ ရိုးမားအသင်းနဲ့ လဲလိုက်တော့ ကျွန်တော် ပြန်ရခဲ့တာက ပရိသတ်တွေရဲ့ ချစ်မေတ္တာတွေပါပဲ။ ဒါ ကျွန်တော့်အတွက် တော်တော်တန်ဖိုးရှိပါတယ်’ လို့ အင်တာဗျူးအစီအစဉ်မှာ ပြန်ပြောင်းပြောခဲ့ပါတယ်။

b/r football

Ko Puccy
Source: Sportbible, B/R Football

READ  ကြောက်စရာအကောင်းဆုံးအနေအထားနဲ့ ဘောလုံးစွမ်းရည် ပြသခဲ့ကြသူတွေ