လွန်ခဲ့တဲ့ (၄)နှစ်… ၂၀၁၅ အောက်တိုဘာ (၈)ရက်နေ့မှာ လီဗာပူးလ်အသင်းကို ဂျာမန်နည်းပြကြီး ယာဂင်ကလော့ပ် စတင်ကိုင်တွယ်ခဲ့ပါတယ်……

ဘိုင်ယန်မြူးနစ်အသင်းကြီးစိုးနေတဲ့ ဘွန်ဒက်စ်လီဂါမှာ ဒေါ့မွန်အသင်းကို ချန်ပီယံ(၂)နှစ်ဆက်ဖြစ်စေခဲ့သလို၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်စေခဲ့တဲ့ ဂျာမန်နည်းပြကြီးဟာ အဲဒီအချိန်တုန်းက ခြေစွမ်း မတည်ငြိမ်ဘဲ ပရီးမီးယားလိဂ်မှာ အဆင့်(၁၀)နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာလည်း ရုန်းကန်နေရတဲ့ လီဗာပူးလ်ကို အခုအချိန်မှာ ဥရောပရဲ့လက်ရှိချန်ပီယံဖြစ်စေခဲ့သလို၊ ဆယ်စုနှစ် (၃၀)ကျော်ကြာဝေးကွာနေတဲ့ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုကိုလည်း ရရှိစေဖို့ နီးစပ်အောင် စွမ်းဆောင်ပေးထားနိုင်ပါပြီ။

ဒါကြောင့် ယာဂင်ကလော့ပ်နဲ့ လီဗာပူးလ်အသင်းရဲ့ အမှတ်တရ ဖြစ်ရပ်အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) မန်စီးတီးကို အီတီဟတ်မှာ ဂိုးပြတ်သွင်းနိုင်ခဲ့ခြင်း

ယာဂင်ကလော့ပ်ရဲ့ (၅)ပွဲမြောက်ကိုင်တွယ်တဲ့ပွဲစဉ်မှာပဲ မန်စီးတီးကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ကော်တင်ဟို၊ ဖာမီနိုတို့ ခြေစွမ်းပြပြီး ဂိုးတွေသွင်းခဲ့သလို၊ ကလော့ပ်ရဲ့ Gegenpressing ကို ပရီးမီးယားလိဂ်နဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

(၂) ဝက်စ်ဘရွန်းကို သရေကျပြီး အောင်ပွဲခံခဲ့မှု

ဝက်စ်ဘရွန်းအသင်းကို အိမ်ကွင်းမှာ (၉၆)မိနစ်မှာ ချေပဂိုးသွင်းပြီး သရေတမှတ်ရယူနိုင်ခဲ့ပြီးတဲ့နောက် အန်ဖီးလ်ကွင်းရဲ့ နာမည်ကျော် The Kop ပွဲကြည့်စင်ရှေ့မှာ အောင်ပွဲခံခဲ့တာပါ။ ပြိုင်ဘက်ပရိသတ်အတော်များများရဲ့ Draw with West Brow Cup အောင်ပွဲခံမှုလို့ လှောင်ပြောင်ခံခဲ့ရပေမဲ့ ကလော့ပ်ကတော့ ဒါဟာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေနဲ့ တစိတ်တည်း တဝမ်းတည်းဖြစ်ကြောင်း ဖော်ပြပြီး အောင်ပွဲခံခဲ့တာ၊ အသင်းရဲ့ အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို အောင်ပွဲခံခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

(၃) ယူရိုပါလိဂ်ဗိုလ်လုပွဲ

ကလော့ပ်ဟာ စတင်ရောက်ရှိတဲ့နှစ်မှာပဲ လီဗာပူးလ်ကို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းမှာ လိဂ်ဖလားဗိုလ်လုပွဲကိုရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရာလမ်းမှာ အစဉ်အလာပြိုင်ဘက် မန်ယူနိုက်တက်ကို ဖြုတ်ချနိုင်ခဲ့တာ၊ အသင်းဟောင်း ဒေါ့မွန်ကို နောက်ကလိုက်ကစားပြီးမှ အနိုင်ရခဲ့တာ၊ အဲဒီတုန်းက ခြေစွမ်းထက်နေတဲ့ ဗီလာရီးရဲလ်ကို လွယ်လွယ်ကူကူကျော်ဖြတ်ခဲ့တာတွေကြောင့် ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ဆီဗီလာကို ဂိုးပြတ်၊ ခြေပြတ်ရှုံးခဲ့ရပါတယ်။ ဒါကပဲ ကလော့ပ်အတွက် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ တွန်းအားဖြစ်ခဲ့တာပါ။

(၄) မာနေးကို ခေါ်ယူနိုင်ခဲ့မှု

လက်ရှိလီဗာပူးလ်ရဲ့ ပြောင်းလဲမှုအစလို့ ဆိုရမဲ့ ခေါ်ယူမှုပါ။ ၂၀၁၆ ခုနှစ်တုန်းက ဆောက်သမ်တန်ကစားသမား မာနေးကို ပေါင် (၃၄)သန်းအထိပေးခဲ့တာကို မတန်ဘူးလို့ တချို့ကဝေဖန်ခဲ့ ပေမဲ့ အခုတော့ ဝေဖန်သူတွေ ပါးစပ်ပိတ်သွားအောင် မာနေးက စွမ်းဆောင်ပြထားပါတယ်။ လီဗာပူးလ်အတွက် ပွဲ(၁၀၀)မှာ ဂိုး(၅၀)သွင်းထားတယ်ဆိုတဲ့ အချက်က မာနေးရဲ့ ပြောင်းရွှေ့ကြေးဟာ လီဗာပူးလ်အတွက် အလွန်တရာ တန်တယ်လို့ ဖော်ပြနေသလိုပါပဲ။

(၅) အီဂျစ်ဘောလုံးဘုရင်ကို ခေါ်ယူခဲ့မှု

ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့တဲ့ မိုဟာမက်ဆာလာကို ခေါ်ယူခဲ့စဉ်က လီဗာပူးလ်မှာ ချက်ချင်းအောင်မြင်လိမ့်မယ်လို့ ဘယ်သူမှထင်မထားကြပါဘူး။ ရိုးမားကနေ ပေါင် (၃၅)သန်းနဲ့ခေါ်ယူခဲ့တဲ့ ဆာလာဟာ ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ်မှာ (၃၂)ဂိုးသွင်းယူခဲ့သလို၊ ပြိုင်ပွဲစုံမှာ (၄၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

(၆) ကော်တင်ဟိုကိုရောင်းချပြီး ဗန်ဒိုက်ခ်ျကို ခေါ်ယူနိုင်ခဲ့မှု

အဲဒီအချိန်တုန်းက ဆာလာ၊ မာနေး၊ ဖာမီနို၊ ကော်တင်ဟိုတို့ရဲ့ တိုက်စစ်က ဂိုးတွေ တဒိုင်းဒိုင်းသွင်းသလို၊ နောက်တန်းကလည်း ဂိုးတွေ တလဟော ပြန်ပေးနေခဲ့ချိန်ပါ။ အဲဒီရာသီမှာ ကော်တင်ဟိုတယောက် ဘာစီလိုနာကို ပြောင်းရွှေ့ချင်စိတ် အလွန်ကြီးမားနေခဲ့ချိန်ဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ယာဂင်ကလော့ပ်ဟာ ပြောင်းရွှေ့ခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပေါင် သန်း(၁၅၀)ဆိုတဲ့ ဈေးနှုန်းနဲ့ရောင်းချခဲ့တာဖြစ်သလို၊ အဲဒီကရတဲ့ငွေကြေးကိုလည်း ချက်ချင်းပဲလိုအပ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ခ်ျကို အဲဒီတုန်းက ဈေးအကြီးဆုံးနောက်ခံလူဖြစ်စေခဲ့တဲ့ ပေါင် (၇၅)သန်းနဲ့ဝယ်ယူခဲ့ပြီး ချက်ချင်းပဲ နောက်တန်းမှာ အဓိကကစားသမားဖြစ်လာခဲ့သလို၊ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ခြေစွမ်းကတော့ တဦးချင်းအကောင်းဆုံးဆုတွေနဲ့အတူ ပြောစရာတောင်မလိုတော့တဲ့အထိ တောက်ပနေပါပြီ။

(၇) ပထမ ချန်ပီယံလိဂ်ဗိုလ်လုပွဲ

ယာဂင်ကလော့လက်ထက် လီဗာပူးလ်ရဲ့ ပထမဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ စိတ်ပျက်စရာတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရတာပါ။ ကြယ်ပွင့်တိုက်စစ်မှူး ဆာလာ ဒဏ်ရာကြောင့် စောစောစီးစီးထွက်ခဲ့ရသလို၊ ဂိုးသမား ကာရီးယက်စ်ရဲ့ အမှားတွေကြောင့် ချန်ပီယံဆုနဲ့လွဲခဲ့ရတာတွေကိုတော့ အကျယ်တဝင့်ရေးမနေတော့ပါဘူး။

(၈) ပဟေဠိရဲ့ နောက်ဆုံးအစိတ်အပိုင်း

အဲဒီဗိုလ်လုပွဲအပြီးမှာ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့လီဗာပူးလ် ပဟေဠိရဲ့ နောက်ဆုံးအစိတ်အပိုင်းက ဘာလဲဆိုတာကို သေသေချာချာသိခဲ့ပြီး အဲ့ဒီအစိတ်အပိုင်းကိုလည်း အောင်အောင်မြင်မြင် ရယူနိုင်ခဲ့ပါတယ်။ ကာရီးယက်စ်နဲ့ မစ်ဂနိုလက်တို့နဲ့ မဖြစ်ဘူးဆိုတာကို ချက်ချင်းသဘောပေါက်ခဲ့တဲ့ ကလော့ပ်ဟာ ရိုးမားအသင်းက အယ်လီဆန်ကို ပေါင် (၇၅)သန်းပေးပြီး ခေါ်ယူခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပြောပြစရာကို မလိုတော့တာပါ။ မနှစ်က အယ်လီဆန်ရဲ့ အရေးပါမှုက ဘယ်လောက်ကြီးမားခဲ့သလဲဆိုတာကိုသိချင်ရင် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲ နာပိုလီနဲ့ပွဲက နောက်ဆုံးမိနစ် ကာကွယ်မှုက သက်သေခံနေပါလိမ့်မယ်။

READ  (၂၀၁၅)ခုနှစ် နောက်ပိုင်း အကောင်းဆုံး Free-kick ကန်သွင်းသူ(၉)ယောက်

(၉) This is Anfield, Never Give Up

ဘာစီလိုနာလို အသင်းကို (၃)ဂိုးပြတ်ရှုံးထားတဲ့ ပထမအကျော့ရလဒ်ကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အကြောင်းကို နောင်နှစ်ပေါင်းများစွာတိုင် ပြောမဆုံးအောင်ဖြစ်ကြမှာပါ။ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးပြန်လာမှုတွေထဲက တခုဖြစ်ခဲ့တဲ့ အဲဒီပွဲမှာ လီဗာပူးလ်ဟာ လုံးဝမဖြစ်နိုင်ဘူးထင်တဲ့အရာကို စွမ်းဆောင်ပြခဲ့တာဖြစ်ပြီး ဒီအချက်ကပဲ သူတို့ရဲ့ (၆)ကြိမ်မြောက် ဥရောပဖလား ဆွတ်ခူးနိုင်မှုမှာ အရေးပါတဲ့အဖြစ်အပျက်တခု ဖြစ်ခဲ့ရပါတယ်။

Ko Puccy