ဘောလုံးလောကကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ အင်္ဂလန်နောက်ခံလူ အက်ရှ်လေကိုးလ်ဟာ နည်းပြလောကကို ဝင်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အက်ရှ်လေကိုးလ်ဟာ သူအနားယူမဲ့အကြောင်းကို Sky Sports ရုပ်သံမှာ ချယ်လ်ဆီး-လက်စတာပွဲအတွက် စတူဒီယို LIVE အစီအစဉ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

skysports.com

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းကို တရာသီအငှားနဲ့သွားကစားဖို့ သေချာသလောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာအသင်းမှာ မန်ယူနိုက်တက်အသင်းမှာရနေတဲ့ တပတ်လုပ်ခ ပေါင် (၅)သိန်းနီးပါးထက် လျှော့ယူဖို့ သဘောတူထားပြီး လာမဲ့ (၂၄)နာရီအတွင်းမှာ အပြောင်းအရွှေ့အပြီးသတ်ဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာ တွေက ဖော်ပြနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ရီးရဲလ်အသင်းဟာ အဲရစ်ဆင်အတွက် စပါးအသင်းကို ဥရောပအပြောင်းအရွှေ့နောက်ဆုံးရက်၊ နောက်ဆုံးနာရီမှာ ပေါင် သန်း(၆၀)နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်ထား တယ်လို့ သတင်းတွေထွက်လာတာပါ။

Eriksen/FB

ဟွန်ဒူးရပ်စ်ပြည်တွင်းလိဂ်ရဲ့ ပွဲစဉ်တခုမှာ (၂)ဖက်အသင်းပရိသတ်တွေကြား ရန်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဟွန်ဒူးရပ်စ် မြို့တော် တီဂူဆီဂယ်လ်ပါအခြေစိုက် မြို့ခံပြိုင်ဘက် (၂)သင်းဖြစ်တဲ့ မွန်တာဂွါ နဲ့ အိုလင်စီယာ တို့ပွဲမှာ ရန်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လူ(၃)ဦး သေဆုံးပြီး (၁၀)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ကွင်းပြင်ပမှာလည်း မွန်တာဂွါအသင်းရဲ့ ဘတ်စ်ကား တိုက်ခိုက်ခံခဲ့ရပြီး အသင်းသားတွေ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ LA Galaxy အသင်းအတွက် ဒီရာသီမှာ သွင်းဂိုး(၂၀)ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။ အီဘရာဟီမိုဗစ်ဟာ ဆီယက်တဲလ်ဆောင်းဒါးစ် အသင်းနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ LA Galaxy အသင်းအတွက် (၂)ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

lagalaxy/twitter

မနေ့ညက ဆယ်လ်တာဗီဂိုအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတဲ့ ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်က သူ့အနေနဲ့ တဖက်ကစားသမားကို နာကျင်အောင်ပြုလုပ်ခဲ့တာ မဟုတ်ဘဲ မတော်တဆသာဖြစ်ခဲ့တာလို့ ဆိုလိုက်ပါတယ်။ ရီးရဲလ်က (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မိုဒရစ်ဟာ ဆယ်လ်တာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို နင်းခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဒါဟာ မိုဒရစ်အတွက် လာလီဂါမှာ ပထမဆုံးအကြိမ် အနီကတ်ပြသခံခဲ့ရတာပါ။

 

အသင်းလက်မဲ့ဖြစ်နေတဲ့ ပြင်သစ်တောင်ပံကစားသမား ရီဘာရီဟာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကိုရောက်ဖို့ များနေတယ်လို့ သိရပါတယ်။ အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားဟာ ရီဘာရီကို ခေါ်ယူဖို့အတွက် စီစဉ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း မေဂျာလိဂ်နဲ့ တရုတ်စူပါလိဂ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုပယ်ချပြီး အဲဗာတန်ကို လာကစားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်ဟာ စင်စင်နာတီမာစတာစ် တင်းနစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေထွက်ခဲ့ရတယ်လို့ သိရပါတယ်။ ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့်(၈)မှာ ရပ်တည်နေတဲ့ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ် ကို (၃-၆၊ ၆-၃၊ ၆-၃) နဲ့ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ မက်ဗီဒက်ဗ်ဟာ ဘယ်လ်ဂျီယံတင်းနစ်သမား ဂေါ့ဖ်ဖင် နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 

Ko Puccy

READ  သြဂုတ်လ(၁၁)ရက်နေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ