နာမည်ကျော် ဘရာဇီးလ်နောက်ခံလူ ဒန်နီအဲလ်ဗက်စ်ဟာ ဥရောပမှာကစားစဉ်က သူ့ရဲ့ ရဲဝံ့လှတဲ့တိုက်စစ်ဆင်ပုံ၊ သတ္တိကောင်းလွန်းတဲ့ ခံစစ်ကစားပုံတွေနဲ့ နာမည်ကြီးသူတယောက်ပါ။ ကစားကွင်းထဲမှာ ဘယ်ပြိုင်ဘက်ကိုမဆို ထီမထင်ဘဲကစားတတ်သူတဦးဖြစ်သလို၊ ပြိုင်ဘက်တွေရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေကိုလည်း လုံးဝတုန်လှုပ်တဲ့သူ မဟုတ်ပါဘူး။
ဒါပေမဲ့ အခု ဘရာဇီးလ်ကိုပြန်ရောက်နေပြီဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်အတွက်တော့ ကွင်းထဲမှာ ကြောက်စရာရှိလာခဲ့ပါပြီ။ ဒီတပတ်ကစားခဲ့တဲ့ ဆော်ပေါ်လိုနဲ့ ဖော်တာလီဇာ တို့ရဲ့ ဘရာဇီးလ် ပြည်တွင်းလိဂ်ပွဲစဉ်မှာ အဲလ်ဗက်စ်တယောက် ကွင်းထဲမှာ နကျယ်ကောင်တွေရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ ပွဲချိန် (၂၅)မိနစ်မှာ ဆော်ပေါ်လိုအသင်းရတဲ့ ထောင့်ကန်ဘောကို ကန်ဖို့ အသွားမှာ အဲလ်ဗက်စ်တယောက် အခုလိုကြုံလိုက်ရတာပါ။
ထောင့်ကန်ဘောအလံတိုင်ထိပ်မှာ ပြွတ်ခဲနေတဲ့ နကျယ်ကောင်တွေထဲက တချို့ အဲလ်ဗက်စ်ရဲ့ လည်ဂုတ်ကို အနည်းငယ်တုပ်လိုက်ပုံရပြီး အဲလ်ဗက်စ်တယောက် ဂိုးတိုင်နားကို လုံးဝ ပြန်မသွားတော့တာကို ဗီဒီယိုထဲမှာတွေ့ရမှာပါ။ ဗီဒီယိုထဲမှာ တခြားကစားသမားတွေနဲ့ စည်းကြပ်ဒိုင်တို့ကလည်း အလံတိုင်အနားကို သွားဖို့ စိုးရွံနေကြပုံရပြီး အချင်းချင်းသာ ဘယ်လိုလုပ်ရမယ်ဆိုပြီး ပြောနေကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူရဲကောင်းတဦးထွက်ပေါ်လာပြီး ဖော်တာလီဇာအသင်းရဲ့ နောက်ခံလူ ဂျက်ဆန်ဒီဆော်ဇာက ထောင့်ကန်ဘော အလံတိုင်ကို သွားဖြုတ်ပြီး အဝေးကို လွှင့်ပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တွေက သူ့ကို အော်ဟစ်အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
🇧🇷 In Brazil, São Paulo vs. Forteleza was delayed by a swarm of wasps gathering around a corner-flag.
Dani Alves got stung, but thankfully Forteleza defender, Jackson came to the rescue! 💪
Should be bonus @FotMob Player Rating points for him.
— FotMob (@FotMob) October 7, 2019
ဒါပေမဲ့ ဘောလုံးဥပဒေစည်းမျဉ်းတွေအရ ထောင့်ကန်ဘောအလံတိုင်မရှိဘဲ ဘောလုံးပွဲကိုစလို့မရတာကြောင့် နကျယ်ကောင်တွေ အနည်းငယ်ရှင်းလင်းသွားအောင် (၅)မိနစ်လောက် စောင့်ဆိုင်းခဲ့ပြီးမှာ အလံတိုင်ကိုပြန်တပ်ပြီး ဘောလုံးပွဲကိုပြန်ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။ နကျယ်ကောင်တွေ နှောင့်ယှက်ခဲ့တဲ့ အဲဒီပွဲမှာတော့ ဒန်နီအဲလ်ဗက်စ်ရဲ့ ဆော်ပေါ်လိုက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဲလ်ဗက်စ်က သူ့ရဲ့ Instagram မှာ ‘နကျယ်ကောင်တွေလည်း အောင်ပွဲကိုမတားဆီးနိုင်ဘူး’ လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့ ဓာတ်ပုံတင်ခဲ့တယ်လို့လည်း သိရပါတယ်။
Ko Puccy
Source: Twitter, Marca, The Sun