မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၁)ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ဂီတာဖေးတို့ပွဲစဉ်မှာ အက်သလက်တီကို အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး အဖွင့်ပွဲစဉ်မှာ အနိုင်(၃)မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် (၂၄)မိနစ်မှာ တိုက်စစ်မှူး မိုရာတာ က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ မိုရာတာသွင်းယူခဲ့တဲ့ဂိုးကို ရာသီအစမှာ စပါးအသင်းကနေ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့လာတဲ့ နောက်ခံလူ ထရစ်ပီယာက ဖန်တီးပေးခဲ့တာပါ။

laliga/twitter

ဒါပေမဲ့ ဒီပွဲမှာ ပရိသတ်တွေကြား ပြောစရာဖြစ်ခဲ့တာကတော့ အက်သလက်တီကိုအသင်းရဲ့ နောက်ထပ်ကစားသမားသစ်တဦးဖြစ်တဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် ယာအိုဖီးလစ်ရဲ့ ခြေစွမ်းပါပဲ။ ရာသီအစကမှ ဘင်ဖီကာအသင်းကနေ ယူရို (၁၂၆)သန်းနဲ့ပြော်င်းရွှေ့လာခဲ့တဲ့ ယာအိုဖီးလစ်ဟာ ဒီပွဲမှာ တကိုယ်တော်စွမ်းရည်နဲ့ ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး သူရဲ့အံ့သြဖွယ်ကောင်းတဲ့ တကိုယ်တော်စွမ်းရည်ကို ပွဲချိန် (၅၅)မိနစ်မှာ တွေ့ခဲ့ရပါတယ်။

 

ပွဲချိန်(၅၅)မိနစ်မှာ ယာအိုဖိလစ်ဟာ အက်သလက်တီကိုအသင်းရဲ့ကွင်းဖက်ခြမ်းကနေ ဂီတာဖေးကစားသမားတွေကို လိမ်ခေါက် ကျော်ဖြတ်ပြီး တဖက်အသင်းရဲ့ပယ်နယ်တီဧရိယာထဲကိုဆွဲဝင်လာခဲ့တာမှာ ဂီတာဖေးအသင်းက ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ပယ်နယ်တီ ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူး မိုရာတာရဲ့ ကန်သွင်းချက်ကို ဂီတာဖေးဂိုးသမား ကာကွယ်သွားတာကြောင့် အက်သလက်တီကို အသင်း ဒုတိယဂိုးနဲ့ဝေးကွာခဲ့ရတာပါ။

အက်သလက်တီကို ပရိသတ်တွေကတော့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ထားခဲ့တဲ့ လူငယ်လေး ယာအိုဖီးလစ်ရဲ့ ခြေစွမ်းကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ချီးကျူးမှုတွေပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။

Ko Puccy

READ  အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လူးကပ်စ်မော်ရာကို ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ ဘာစီလိုနာ