လီဗာပူးကို (3-0)နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘာစီလိုနာအတွက် အကောင်းဆုံး ပေးဆပ်ကစားခဲ့တဲ့ ကော်တင်ဟိုကို အသင်းပရိသတ်တွေ ကိုယ်တိုင်က လှောင်ပြောင်ခဲ့ကြမှုအပေါ် မက်ဆီက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ယခုနှစ်ရာသီမှာ ဘာကာအတွက် (၁၁)ဂိုးသာ သွင်းယူထားပေမယ့် (၂)ဂိုးက တကယ်အရေးကြီးတဲ့ လိုင်ယွန်၊ မန်ယူတို့နဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်အရေးကြီး ပွဲစဉ်တွေမှာ ဖြစ်ပါတယ်။

(AP Photo/Manu Fernandez)

ဒီစွမ်းဆောင်မှုဟာ အောင်မြင်မှုအတွက် လောဘကြီးလှတဲ့ ဘာကာပရိသတ်အတွက်တော့ ပြောပလောက်တဲ့အနေအထားမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် ယမန်နေ့ညကပွဲမှာ စွမ်းဆောင်ရည် သာမန်သာရှိတဲ့ ကော်တင်ဟိုကို ဒုတိယပိုင်း လူစားလဲချိန်မှာ ဘာကာပရိသတ်တွေက လှောင်ပြောင်တဲ့အသံတွေ ပြုလုပ်ခဲ့ကြတာပါ။

မက်ဆီက “ သူ့ကို လက်ခေါက်တွေမှုတ်ပြီး လှောင်ပြောင်တာဟာ ဘာကာအတွက်တော့ အတော်လေးကို အရုပ်ဆိုး အကျည်းတန်ပါတယ် … ကျွန်တော်တို့ အတူတူ အလုပ်လုပ်နေကြပါတယ် … ကျွန်တော်တို့ချင်း ညီညွှတ်ဖို့လိုပါတယ် …  ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရည်မှန်းချက်တွေက အတူတူ ဖြစ်နေလို့ပါ ”လို့ ပြောခဲ့တာပါ။

(AP Photo/Joan Monfort)

ကော်တင်ဟိုဟာ အခုအခါမှာ ဘာကာပရိသတ်တွေအတွက် ပစ်မှတ်ထား လှောင်ပြောင်စရာဖြစ်နေပါတယ်။ ပြောင်းရွှေ့လာခဲ့တဲ့ ပေါင် (၁၄၉)သန်းဟာ သူ့အတွက် ဖိအားတွေဖြစ်နေသလို၊ လက်တလောစွမ်းဆောင်မှုတွေဟာ ဒီဈေးနဲ့ လုံလောက်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမှာ နည်းပြရဲ့ ယုံကြည်မှုနဲ့၊ အသင်းဖော်တွေရဲ့ ကူညီထောက်ပံ့မှုကလည်း အရေးပါလွန်းနေပါတယ်။

 

လင်းသူရိန် (SportsAhtar)

Source : thesun.co.uk

READ  ဘာစီလိုနာအသင်းဖော်မက်ဆီအကြောင်း အင်တာဗျူးဖြေရင်းမျက်ရည်ကျခဲ့တဲ့နေမာ