ချယ်လ်ဆီးအသင်းကနေ အက်သလက်တီကိုအသင်းကို အငှားနဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး မိုရာတာ က ချယ်လ်ဆီးအသင်းမှာ ကစားခဲ့စဉ်တုန်းက စပိန်ကစားသမားတွေကလွဲလို့ တခြားကစားသမားတွေဟာ သူ့ကိုဘောလုံးပေးမကစားကြဘူးလို့ စွပ်စွဲလိုက်ပါတယ်။

အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်းမှာ နေရာမရဖြစ်ခဲ့ပြီးတဲ့နောက် အက်သလက်တီကို ဆီ အငှားနဲ့ရောက်ရှိလာခဲ့ပြီး (၂၀၂၀)ခုနှစ်အထိ အက်သလက်မှာ ဆက်ရှိနေတော့မှာပါ။

 

မိုရာတာ က သူ့အနေနဲ့ချယ်လ်ဆီးအသင်းမှာ ဘယ်လိုခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာဖြေဆိုသွားခဲ့ပြီး အက်သလက်တီကိုအသင်းအနေနဲ့ သူ့ကိုအမြဲတမ်းစာချုပ်နဲ့ခေါ်ယူစေချင်တဲ့အကြောင်းကိုလည်း အသိပေးသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင်သန်း(၆၀)နဲ့ (၂၀၁၇)ခုနှစ်က ပြောင်းရွှေ့ခဲ့တဲ့ မိုရာတာဟာ ချယ်လ်ဆီးအတွက် (၇၂)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၂၄)ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာပါ။

Goal သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ “ကျွန်တော့်အတွက်တော့ ချယ်လ်ဆီးကစားသမားဘ၀ကို ကောင်းကောင်းစတင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဒဏ်ရာရရှိပြီးတဲ့အချိန်မှာတော့ တစ်ခုခုပြောင်းလဲသွားခဲ့တယ်လို့ ထင်ခဲ့တယ်။ ချယ်လ်ဆီးအသင်းမှာရှိတဲ့ ကျွန်တော့်ရဲ့စပိန်အသင်းဖော်တွေကလွဲလို့ တခြားကစားသမားတွေဟာ ကျွန်တော့်ကို ဘောလုံးပေးပြီး မကစားဘူးလို့ ကျွန်တော် ထင်လာမိတယ်။ ခင်ဗျားလည်းသိမှာပါ အသင်းဖော်တွေက ခင်ဗျားကိုဘောလုံးမပေးဘူးဆိုရင် ခင်ဗျားကောင်းကောင်းကစားနိုင်တော့မှာမဟုတ်ဘူး” လို့ မိုရာတာက ဆိုပါတယ်။

 

“အက်သလက်တီကိုမှာ ကျွန်တော် ဆက်ရှိနေချင်ပါတယ်။ဒါပေမယ့် စာချုပ်အရတော့ ချယ်လ်ဆီးက ကျွန်တော့်ကို ပြန်ခေါ်ဖို့ အခွင့်အရေးရှိနေတယ်လေ” လို့ မိုရာတာက ဆက်ပြောပါတယ်။

မိုရာတာဟာ အက်သလက်တီကိုအသင်းကို (၂၀၁၉)ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရောက်ရှိလာခဲ့ပြီးတဲ့နောက် အသင်းအတွက် (၁၇)ပွဲ ကစားအပြီးမှာ (၆) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်း ပရိသတ်တွေကတော့ မိုရာတာကို အသင်းမှာ ဆက်ရှိဖို့ ဆန္ဒရှိနေကြပြီး ဂရစ်ဇ်မန်းထွက်ခွာတော့မယ့် တိုက်စစ်မှာ မိုရာတာက အရေးပါလာလိမ့်မယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Twitter

Linn

Source : TheSun

READ  မော်ရင်ဟို သာ ရီးယဲလ်ရောက်လာရင် အရင်ဆုံးအသင်းကနေထွက်မယ်ဆိုတဲ့ရာမို့စ်