ရီးယဲလ်အသင်းကတော့ သူတို့ရဲ့ ကစားသမားသစ်ခေါ်ယူမှု စီမံကိန်းတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး မန်ယူအသင်းကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဒီရာသီအပြောင်းအရွှေ့ရဲ့အဓိက ပစ်မှတ်ဖြစ်လာခဲ့ပြန်ပါတယ်။

Marca သတင်းစာရဲ့ဖော်ပြချက်အရ ရီးယဲလ်နည်းပြ ဇီဒန်းဟာ ပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် အသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘေးလ်နဲ့ အစ္စကို တို့ကို ပေးဖို့ အဆင်သင့်ဖြစ်နေပြီး မန်ယူအသင်းအနေနဲ့ သူတို့စိတ်ကြိုက်ကစားသမားကိုခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

(AP Photo)

ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံ၊ တိုကျိုကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုမှာ မန်ယူအသင်းကနေ ထွက်ခွာချင်ကြောင်း ၀န်ခံသွားခဲ့လို့ ရီးယဲလ်နဲ့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ပိုမိုကျယ်ပြန့်လာခဲ့တာပါ။

မန်ယူအသင်းတာဝန်ရှိသူတွေကတော့ ဘေးလ်ကို တိုက်စစ်အတွက် ခေါ်ယူချင်နေပေမယ့် အပြီးသတ်ခေါ်ယူမှု ပြုလုပ်မယ့်အစား တစ်ရာသီအငှားနဲ့သာ ခေါ်ယူသွားဖို့ ဆန္ဒရှိနေခဲ့တာပါ။

(AP Photo/Bernat Armangue)

ဒါ့အပြင် ကွင်းလယ်လူ အစ္စကို ကလည်း မန်ယူနည်းပြ ဆိုးလ်ရှားအလိုရှိနေတဲ့ ကစားသမားစာရင်းမှာ ပါဝင်ခြင်းမရှိတာမို့ ပေါ့ဂ်ဘာအတွက် ကစားသမားတွေ အလိုက်ပေးမယ့်အစီအစဉ်ဟာ ရီးယဲလ်အတွက် ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ Marca က သုံးသပ်ပါတယ်။

မန်ယူအသင်းက ပေါ့ဂ်ဘာအတွက် ပေါင်သန်း(၁၅၀) ဆိုတဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားခဲ့ပြီး အဲဒီပြောင်းရွှေ့ကြေးကိုသာ ပေးချေနိုင်မယ်ဆိုရင် အချိန်မရွေးခေါ်ယူနိုင်မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Bernat Armangue)

လက်ရှိအချိန်မှာ နည်းပြဆိုးလ်ရှားအတွက် ကစားသမားသစ်ဆိုလို့ ကွင်းလယ်လူ ဒင်နီယယ်ဂျိမ်းစ်တစ်ယောက်သာ ရှိနေသေးပြီး အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေတဲ့ ဆန်းချက်ဇ် ၊ လူကာကူ တို့ရဲ့နေရာမှာလည်း တိုက်စစ်ကစားသမားသစ်တွေ အားဖြည့်ဖို့ မန်ယူအသင်းက စီစဉ်နေပါတယ်။

Linn

Source : Marca

READ  အက်သလက်တီကိုအတွက် နောက်ဆုံးအထိရှင်သန်မယ့်သူဟာ ကိုကီ လား