မနေ့ညက ကစားခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ စပါးက (၂-၃) ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပထမအကျော့ စပါးကွင်းမှာ ကစားခဲ့ရတုန်းက (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အေဂျက်ဇ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းမှာလည်း စပါးကို အခက်တွေ့အောင်လုပ်ခဲ့ပြီး ပထမပိုင်းသွင်းဂိုး (၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

AP

ဒါပေမယ့် ပွဲချိန် (၅၅)မိနစ်နဲ့ (၅၉)မိနစ်တွေမှာ စပါးတိုက်စစ်ကစားသမား မိုရာက ချေပဂိုး(၂)ဂိုး သွင်းယူပေးလိုက်ပြီးတဲ့နောက် နှစ်သင်းစလုံးဟာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ဆတူနီးပါး ရှိတဲ့ အခြေအနေတစ်ရပ်ဆီ ရောက်ရှိသွားပါတော့တယ်။

ဒါပေမယ့်လည်း ပွဲချိန် မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၄)မိနစ်အထိ စပါးတို့ ဂိုးထပ်မရတော့လို့ ဒီပွဲမှာ အေဂျက်ဇ်ပဲ နောက်တစ်ဆင့်တက်သွားပြီလို့ ထင်ခဲ့ကြပေမယ့် နာကျင်အချိန်ပိုရဲ့နောက်ဆုံးမိနစ်မှာ လူးကပ်စ်မိုရာကပဲ စပါးအတွက် လုံးဝကို အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးလိုက်တာပါ။ ဒီဂိုးကြောင့်ပဲ စပါးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ရောက်ရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ဖက် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

AP

မိုရာရဲ့ နောက်ဆုံးမိနစ် သွင်းဂိုးက တကယ့်ကို ခက်ခဲတဲ့ အနေအထားဖြစ်ပြီး နောက်ခံလူ နှစ်ယောက် တားဆီးထားတဲ့ကြားကနေ တစ်ချက်လေးပဲ ကန်သွားတာပါ။ အဲဒါကပဲ ဂိုးအဖြစ်ပြောင်းလဲသွားဖို့ လုံလောက်စေခဲ့တာပါပဲ။

စပါးအသင်းပရိသတ်တွေက အရူးအမူးအောင်ပွဲခံခဲ့ကြသလို အေဂျက်ဇ်အသင်းရဲ့ကွင်းကြီးထဲမှာတော့  အေဂျက်ဇ်ပရိသတ်တွေ တိတ်ဆိတ်ကုန်ကြပြီး ကစားသမားတွေလည်း ကွင်းထဲမှာ မှောက်ကုန်ကြပါတော့တယ်။

ပွဲအပြီးမှာတော့ ပိုချက်တီနိုက ဒီပွဲရဲ့အဓိက ကယ်တင်ရှင်ဟာ လူးကပ်စ်မိုရာ ဖြစ်ခဲ့ပြီး စပါးအသင်းကစားသမားတွေရဲ့ စိတ်ဓာတ်ကို လေးစားမိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun

READ  ပင်နယ်တီကို ပုံစံသစ်တစ်မျိုးနဲ့ ကန်သွားတဲ့ မေဂျာလိဂ်တိုက်စစ်မှူး