ဂျာမနီအသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်မီမှာ တူရကီနိုင်ငံရဲ့ သမ္မတနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပြီး ဆိုးရွားတဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ တူရကီနဲ့ဂျာမနီသွေးနှောတစ်ယောက်ဖြစ်ပေမယ့် ဂျာမနီနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားပြီး ဂျာမနီနိုင်ငံကို ကိုယ်စားပြု ကစားပေးနေတဲ့ အိုဇေးလ်ဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့အပြီးမှာတော့ သူ့ရဲ့ဆိုးရွားတဲ့နေ့ရက်တွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

(Presidential Press Service/Pool via AP)

ဂျာမနီအသင်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီးတဲ့နောက် အိုဇေးလ်ဟာ ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြီး သူ့ကို ဂျာမနီရဲ့ နာမည်ကြီးဘောလုံးသမား အချို့ကတောင် အပြစ်တင်ခဲ့ကြပါတယ်။

အိုဇေးလ်ရဲ့ အမာခံပရိသတ်တွေက သူ့ကို ဒီဝေဖန်မှုတွေကနေ ကင်းလွတ်ဖို့ လက်ရွေးစင်ကစားသမား အဖြစ်ကနေ အနားယူဖို့ တိုက်တွန်းခဲ့ပေမယ့် အိုဇေးလ်က ဒီကိစ္စတွေကနေ ကျော်ဖြတ်ပြီး ဂျာမနီကစားသမားအဖြစ် ဆက်ရှိနေဖို့ မျှော်လင့်နေခဲ့တာပါ။

နောက်ဆုံးမှာတော့ ဝေဖန်မှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေအကြားမှာ အိုဇေးလ်တစ်ယောက် ရပ်တည်နိုင်စွမ်းမရှိတော့ပဲ ဂျာမနီလက်ရွေးစင်ဘောလုံးသမားဘ၀ကနေ အနားယူလိုက်ပြီလို့ ကြေညာလိုက်ရပါတယ်။

အိုဇေးလ်က သူ အနားယူလိုက်ရတဲ့အကြောင်းရင်းကို သူ့ရဲ့ပရိသတ်တွေဆီ တွစ်တာကနေ စာတစ်စောင်ရေးပြီး ဖြေရှင်းချက်တစ်ခု တင်လိုက်ပါတယ်။

(Arne Dedert/dpa via AP)

အိုဇေးလ်က တွစ်တာမှာ “ ကျွန်တော့်မှာ အသည်းနှလုံးနှစ်ခုရှိတယ်လို့ ကျွန်တော် ခံယူထားခဲ့ပါတယ်။ တစ်ခုက ဂျာမနီအတွက်ဖြစ်ပြီး တစ်ခုက တူရကီအတွက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက အမေက ကျွန်တော်ဘယ်ကလာသလဲဆိုတာ မမေ့ဖို့နဲ့ ကျွန်တော်လာခဲ့တဲ့နေရာကိုလေးစားဖို့ သင်ပေးခဲ့တာကြောင့်ပါ။ မေလတုန်းက ကျွန်တော် လန်ဒန်မှာ တူရကီသမ္မတ အာဒိုဂန်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒါက ပညာရေးပွဲတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ဓာတ်ပုံတွဲရိုက်ခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးရည်ရွယ်ချက်တွေဘာမှ မပါပဲ ရိုက်ခဲ့တာပါ။ ဓာတ်ပုံတွဲရိုက်ခဲ့တာက နိုင်ငံရေးနဲ့မဆိုင်သလို၊ ရွေးကောက်ပွဲနဲ့လည်းမဆိုင်ပါဘူး။

ကျွန်တော်က ဂျာမနီအသင်းဂျာစီကို ဂုဏ်ယူစွာနဲ့ဝတ်ဆင်ခဲ့သူပါ၊ ဒါပေမယ့် အခုတော့ အဲဒါကို မလုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်က ခက်ခက်ခဲခဲ ချခဲ့ရတာဖြစ်ပြီး ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ပရိသတ်တွေကိုချစ်တဲ့စိတ်က ကျွန်တော့်ကို လွှမ်းမိုးနေခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျာမနီဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်တောင် ကျွန်တော့်ကို တရားဝင်စော်ကားနေပြီဖြစ်လို့ ကျွန်တော့်အနေနဲ့ ဂျာမနီဂျာစီကို ဘယ်တော့မှာ ထပ်ပြီးဝတ်ဆင်မှာ မဟုတ်တော့ပါဘူး။ ၂၀၀၉ ခုနှစ်ကစတင်ပြီး လက်ရွေးစင်အသင်းအတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားပေးခဲ့တာကို သူတို့ မေ့သွားကြပြီထင်ပါတယ်”

(Arne Dedert/dpa via AP)

လို့  ရေးသားသွားခဲ့ပါတယ်။

Linn

Source : Dailymail

 

READ  ဆာရီရဲ့လူစားလဲမှုကိုငြင်းဆန်ခဲ့တဲ့ ချယ်လ်ဆီးဂိုးသမားကီပါရဲ့ဗီဒီယိုဖိုင်နာမည်ကြီးနေ