ဒီရာသီမှာ ပြုပြင်ပြောင်းလဲလိုက်တဲ့ ဘောလုံးစည်းမျဉ်းအသစ်တွေထဲမှာ လူစားလဲတာနဲ့ပတ်သက်ပြီး စည်းမျဉ်းအသစ်လည်း ပါဝင်ပါတယ်။

စည်းမျဉ်းအသစ်အရ လူစားလဲခံရတဲ့ ကစားသမားဟာ အနီးဆုံးလမ်းကြောင်းကနေ ကွင်းအပြင်ကိုထွက်ရမှာပါ။ ဒါဟာ အချို့ကစားသမားတွေဟာ အချိန်ဆွဲဖို့ရည်ရွယ်ပြီး ကွင်းအတွင်းကနေ ဖြည်းညင်းစွာထွက်ခွာတာ၊ ပရိသတ်ကို လက်ခုပ်တီးနှုတ်ဆက်တာ၊ နည်းပြတွေကလည်း အချိန်ဆွဲဖို့ရည်ရွယ်ပြီး နည်းပြခုံတန်းနဲ့ အဝေးဆုံးမှာရှိတဲ့ကစားသမားကိုမှ လူစားလဲတာ စတာတွေကို တားဆီးဖို့ ရည်ရွယ်ပြီး ပြဌာန်းခဲ့တာလည်း ဖြစ်ပါတယ်။

အခုတော့ လူစားလဲစည်းမျဉ်းသစ်ကို ချိုးဖောက်လို့ ပထမဆုံး ထုတ်ပယ်ခံရတဲ့ကစားသမားတဦး ပေါ်ထွက်လာခဲ့ပါပြီ။ သူကတော့ မြောက်အိုင်ယာလန်ကလပ် Glentoran အသင်းရဲ့ တိုက်စစ်မှူး ဒါရင်းမာရေးပဲ ဖြစ်ပါတယ်။ မာရေးဟာ စနေနေ့ကကစားခဲ့တဲ့ Cliftonville အသင်းနဲ့ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတာပါ။ ပွဲရဲ့ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတဲ့ မာရေးဟာ ဒိုင်လူကြီးရဲ့ အနီးဆုံးနေရာကထွက်ခွာဖို့ ညွှန်ကြားချက်ကို မသိကျိုးကျွံပြုပြီး အရင်ကအတိုင်း လူစားလဲမဲ့ကစားသမားဆီကို ရည်ရွယ်ပြီး ထွက်ခွာသွားခဲ့ပါတယ်။

အဲဒီအခါမှာ ဒိုင်လူကြီးဟာ မာရေးကို အဝါကတ်ပြခဲ့ပြီး အဝါကတ်တကြိမ်ပြသခံခဲ့ရပြီးသားဖြစ်တဲ့ မာရေးဟာ (၂)ဝါ၊ (၁)နီနဲ့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ အထုတ်ခံခဲ့ရအပြီးမှာ Glentoran အသင်းဟာ တယောက်လျော့နဲ့ လက်ကျန်(၂၅)မိနစ်ခန့်ကိုကစားခဲ့ရပြီး Cliftonville အသင်းက အနိုင်ဂိုးသွင်းယူသွားနိုင်ခဲ့လို့ သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး Glentoran နည်းပြ မစ်မက်ဒါမော့က ဒိုင်လူကြီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Ko Puccy
Source: The Sun, Mirror, BBC Sports

READ  ရီးရဲလ်တံဆိပ်နဲ့တံခွန်အလံကို မကိုင်ချင်ဖြစ်နေတဲ့ ဂါရတ်ဘေးလ်ရဲ့ ဗီဒီယို