စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမားဆုတွေအတွက် ဆန်ခါတင်စာရင်းတွေထွက်လာအပြီးမှာ အကောင်းဆုံးသွင်းဂိုးဆု အတွက်လည်း ဆန်ခါတင်စာရင်းထွက်ရှိလို့ လာပါပြီ။

premierleague.com

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်ဂိုး (၈)ဂိုးကိုရွေးချယ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုး(၂)ဂိုးပါဝင်ခဲ့ကာ လီဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဘန်လေ၊ လက်စတာ နဲ့ ဝက်စ်ဟမ်းတို့က သွင်းဂိုး(၁)ဂိုးစီပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ဂျီထရိုဝီလျံစ် (နယူးကာဆယ်)

လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲက သွင်းဂိုးပါ။ ဂိုးဧရိယာထဲကနေ အဝေးထောင့်ကို လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

 

ဖီကာရိုတိုမိုရီ (ချယ်လ်ဆီး)

ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ (၅-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်က ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးဖြစ်ပါတယ်။ ဂိုးဧရိယာအပြင်ကနေ အဝေးထောင့်ထဲကို လှလှပပကန်သွင်းခဲ့တာပါ။

အန်ဂိုလိုကန်တေ (ချယ်လ်ဆီး)

လီဗာပူးလ်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲက ချယ်လ်ဆီးရဲ့ ချေပဂိုးဖြစ်ပါတယ်။ တကိုယ်တော်အစွမ်းနဲ့ ပြိုင်ဘက်တွေကိုကျော်ဖြတ်ပြီး ဂိုးဧရိယာအစပ်ကနေ လှလှပပကန်သွင်းခဲ့တာပါ။

 

မူဆာဂျီနီပို (ဆောက်သမ်တန်)

ရှက်ဖီးယူနိုက်တက်အသင်းကို အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ပွဲမှာ ဆောက်သမ်တန်ရဲ့တလုံးတည်းသော အနိုင်ဂိုးဖြစ်ပါတယ်။ တကိုယ်တော်အစွမ်းနဲ့ နောက်ခံလူတွေကို ကျော်ဖြတ်ပြီး သွင်းယူခဲ့တာပါ။

ဂျက်ဖ်ဟင်းဒရစ် (ဘန်လေ)

ဘရိုက်တန်နဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ပွဲက သွင်းဂိုးပါ။ ဂိုးဧရိယာအပြင်ကနေ ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲကို အပြင်းကန်သွင်းခဲ့တာပါ။

ဂျိမ်းစ်မက်ဒီဆင် (လက်စတာ)

စပါးကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လက်စတာအတွက် အနိုင်ဂိုးဖြစ်ပါတယ်။ ဂိုးဧရိယာအပြင်ကနေ ဂိုးသမားရဲ့ညာဘက်ထောင့်ထဲကို လှလှပပကန်သွင်းယူခဲ့တာပါ။

အေရွန်ခရက်စ်ဝဲလ် (ဝက်စ်ဟမ်း)

မန်ယူနိုက်တက်အသင်းကို (၂)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲက ဒုတိယအနိုင်ဂိုးပါ။ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပြီး ဂိုးရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲကို တိတိကျကျ ဝင်သွားခဲ့တာပါ။

 

အလက်ဇန္ဒားအာနိုးလ် (လီဗာပူးလ်)

ချယ်လ်ဆီးကို အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲက လီဗာပူးလ်ရဲ့ ပထမဂိုးဖြစ်ပါတယ်။ ဂိုးဧရိယာအစပ်မှာရတဲ့ ပြစ်ဒဏ်ဘောကို ဆာလာက ပြန်လှိမ့်ပေးပြီး ကန်ချက်ပြင်းပြင်းနဲ့ ဂိုးရယူခဲ့တာပါ။

 

စက်တင်ဘာလအတွက် အကောင်းဆုံးသွင်းဂိုးကို ကိုယ်တိုင်မဲပေးရွေးချယ်နိုင်မှာဖြစ်ပြီး ဒီမှာ မဲပေးနိုင်ပါတယ်။ မဲကောက်ခံမှုက လာမဲ့တနင်္လာနေ့မှာ ပိတ်မှာဆိုတော့ ကိုယ်ကြိုက်တဲ့ သွင်းဂိုးကို မြန်မြန်မဲသွားပေးလိုက်ကြပါဦး။ ပြီးရင် ဘယ်ဂိုးကို မဲပေးခဲ့တယ်ဆိုတာကိုလည်း ဝေမျှပေးခဲ့ပါဦးဗျာ…

READ  သြဂုတ်လအတွက် ဥရောပထိပ်သီးလိဂ်တွေက စွမ်းဆောင်ရည်အကောင်းဆုံးကစားသမား (၁၁)ဦး

 

Ko Puccy
Source: PremierLeague