မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ချယ်လ်ဆီးနည်းပြ ဆာရီကို လိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားခဲ့တဲ့ ဂွာဒီယိုလာရဲ့ဗီဒီယိုဖိုင်ဟာ တွစ်တာပရိသတ်တွေကြားမှာ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ်။

မန်စီးတီးကို (၆-၀) ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဒေါသထွက်နေခဲ့တဲ့ ဆာရီ ဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာ ကွင်းထဲကနေ အမြန်ထွက်သွားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဂွာဒီယိုလာရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားမှုကို ငြင်းပယ်သွားတာပါ။

SkySports

ရုပ်သံပြကွက်တွေမှာတော့ ဂွာဒီယိုလာ ဟာ ဆာရီရဲ့ဆီကို အမြန်လျှောက်လာခဲ့ပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးခဲ့ပေမယ့် ဆာရီကတော့ မသိချင်ယောင်ဆောင်ကာ ကွင်းထဲကနေ ထွက်သွားခဲ့တာပါ။

ဂွာဒီယိုလာလည်း ဒီအဖြစ်အပျက်ကြောင့် စိတ်ရှုပ်သွားပုံရပြီး ချယ်လ်ဆီးရဲ့လက်ထောက်နည်းပြ ဇိုလာကသာ သူ့ကို လာရောက်လို့ လက်ဆွဲနှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

SkySports

ပွဲအပြီးမှာတော့ ဂွာဒီယိုလာက သူ့အနေနဲ့ ဆာရီရဲ့ ခံစားချက်ကို နားလည်ကြောင်းနဲ့ ဒါဟာ ကြီးမားတဲ့ပြဿနာတစ်ခု မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဆာရီဟာ ရှုံးပွဲအတွက် ရှက်နေခဲ့ပြီး ချယ်လ်ဆီးကစားသမားတွေကိုလည်း မကြည့်ချင်လောက်အောင် ဖြစ်သွားခဲ့တယ်လို့ မှတ်ချက်တွေ ရေးသားနေကြပါတယ်။

ဗြိတိန်လောင်းကစားဒိုင်တွေကတော့ ဆာရီဟာ ဒီရှုံးပွဲအပြီးမှာ ချယ်လ်ဆီးကနေ ထွက်ခွာရတော့မယ်လို့ လောင်းကြေးဖွင့်ခဲ့ကြပြီး (၁၃)လေး (၈)လေး အဖြစ် အလေးပေးခဲ့ကြတာပါ။

ဆာရီရဲ့နေရာကို ဆက်ခံဖို့အတွက် ရီးယဲလ်နည်းပြဟောင်း ဇီဒန်းနဲ့ ပြင်သစ်နည်းပြဟောင်း လောရင့်ဘလန့် တို့က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Linn

Source : Dailymail , Twitter

READ  ကစားသမားဘ၀(၁၀)နှစ်ခရီးမှာ (၄)နှစ်နီးပါးလောက်ဒဏ်ရာရနေခဲ့သူဝီလ်ရှိုင်းယား