မနက်ဖြန်ည (၁၀)နာရီမှာ ရင်ဆိုင်ကစားကြမယ့် လီဗာပူးနဲ့ ချယ်လ်ဆီးတို့ပွဲစဉ်ဟာ ဒီတစ်ပတ်ပရီမီးယားလိဂ်ရဲ့ အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲစဉ်တစ်ခု ဖြစ်လာမှာပါ။ လီဗာပူးဟာ လက်ရှိအချိန်မှာ (၃၃)ပွဲကစားပြီး (၈၂)မှတ်နဲ့ ပရီးမီယားလိဂ်ဇယားကို ဦးဆောင်နေပေမယ့်၊ မန်စီးတီးက တစ်ပွဲလျှော့အနေအထားနဲ့ ရမှတ် (၈၀)ဖြစ်နေလို့ လီဗာပူးတို့အတွက် ဖိအားတွေအများကြီး ခံနေရချိန်ပါ။

AP Photo/Dave Thompson

ချယ်လ်ဆီးကတော့ (၃၃)ပွဲကစား ရမှတ် (၆၆)မှတ်နဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေပေမယ့်၊ စပါးအာဆင်နယ်တို့နဲ့ အမှတ်ကွာဟချက်က ကျဉ်းမြောင်းလွန်းတာကြောင့် သူတို့အတွက်ကလည်း အတော်လေး ရုန်းကန်နေရတဲ့ အချိန်အခါ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပွဲမှာ အမှတ်ဆုံးရှုံးတဲ့အသင်းဟာ ကြီးမားတဲ့ နစ်နာမှုတွေကို လက်ခံရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းနည်းပြ ကလော့ပ်ကတော့ ဒီပွဲကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သူ့အနေနဲ့ အစောကတည်းက အစီအစဉ်စွဲပြီးသားဖြစ်ပြီး ချယ်လ်ဆီးရဲ့ အားထားရတဲ့ ကစားသမားဖြစ်တဲ့ ဟာဇက်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လီဗာပူးက ကောင်းကောင်းသိတယ်လို့ ဆိုပါတယ်။

AP Photo/Alastair Grant

ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကလော့ပ်က ရယ်စရာအဖြစ် “ ကျွန်တော်တို့က (၁၃)ယောက်နဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ကစားမှာပါ … နှစ်ယောက်ကတော့ ဟာဇက်ကို ထိန်းချုပ်ဖို့ သက်သက်ပေါ့ … ”လို့ ပြောခဲ့ပါတယ်။ သူက “ ဒါက လွယ်တော့ မလွယ်ဘူးပေါ့ … သူ ဘောလုံးရတာနဲ့ တော်တော်လေး နောက်ကျသွားပြီလေ … ကစားပွဲတစ်ခုကို ချဉ်းကပ်မယ်ဆို … ဘောလုံးပေးပို့တာတွေကအစ မှတ်သားရမှာ ”လို့ ပြောခဲ့ပါတယ်။

ကလော့ပ်က ဟာဇက်ဟာ လက်ရှိအချိန်မှာ ရရှိထားတဲ့ ခြေစွမ်းတွေကို ထိန်းသိမ်းထားမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်လာဖို့ မခက်ခဲဘူးလို့ ချီးကျူးပြောကြားခဲ့ပါတယ်။ ဟာဇက်ကို ရီးယဲလ်အသင်းက အလိုရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လင်းသူရိန် (SportAhtar)

Source : mirror.co.uk

READ  ကြိုက်ဈေးရရင် စာချုပ်တစ်နှစ်သာကျန်တော့တဲ့ အဲရစ်ဆင်ကို ရောင်းဖို့ရှိနေတဲ့ စပါး