ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဂွာဒီယိုလာရဲ့မန်စီးတီးအသင်း ဆွတ်ခူးသွားချိန်မှာ သူတို့ရဲ့ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်တွေက အကောင်းဆုံးပုံစံမှာရှိနေကြပြီး ဒီရာသီ ဖလားသုံးလုံး ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးတွေကလည်း ရှိနေခဲ့တာပါ။ မန်စီးတီးအနေနဲ့ အက်ဖ်အေဖလားနဲ့ ကားလင်းဖလား ဗိုလ်လုပွဲတွေကို ကစားဖို့ရှိနေသေးပြီး အဲဒီဖလားတွေကိုသာ ရရင် ပြည်တွင်းဖလား(၃)လုံးကို တစ်ရာသီတည်းမှာ ရယူနိုင်တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်သွားမှာပါ။

ဗြိတိန်မီဒီယာတွေကတော့ မန်စီးတီးရဲ့လက်ရှိအခြေအနေဟာ (၁၉၉၈-၉၉)ခုနှစ်တုန်းက မန်ယူရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုကောင်းနေလား၊ ဒါမှမဟုတ် မန်ယူရဲ့အဲဒီတုန်းက ခြေစွမ်းကို လိုက်မှီနိုင်ရဲ့လားလို့ သုံးသပ်ခဲ့ကြပါတယ်။

AFP

အဲဒီအချိန်တုန်းက မန်ယူဟာ ဖလား(၃)လုံး ပိုင်ဆိုင်ခဲ့တဲ့ ဘောလုံးရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ပိုင်ဆိုင်ခဲ့တာပါ။

ရှမိုက်ကယ်၊ နဗီးလ်၊ ဂျပ်စတန်း ၊ ရွန်နီဂျွန်ဆင်၊ ဒင်းနစ်အာဝင်၊ ဘက်ခမ် ၊ ရွိင်ကိန်း ၊ စခိုးလ်၊ ဂစ်နဲ့ အန်ဒီကိုးလ်၊ဒွိုက်ယော့ခ် တို့အစုအဖွဲ့ဟာ လက်ရှိ မန်စီးတီးရဲ့အစုအဖွဲ့ထက်များ သာနေလားဆိုပြီး နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

AFP

Dailymail ရဲ့ နှိုင်းယှဉ်မှုတွေအရ အဲဒီအချိန်တုန်းက မန်ယူအသင်းမှာ ခြေစွမ်းအပြဆုံး ကစားသမား (၃)ဦးသာ ရှိခဲ့ပြီး ရှမိုက်ကယ်၊ စတန်းနဲ့ ရွိုင်ကိန်း တို့သာ အဆင့်သတ်မှတ်ချက် (၉) ရရှိခဲ့တာပါ။ သူတို့ရဲ့နောက်မှာမှ ဒေးဗစ်ဘက်ခမ်နဲ့ ဂစ် တို့က အဆင့်သတ်မှတ်ချက် (၈.၅)စီ ရရှိခဲ့ပြီး ကျန်တဲ့ ကစားသမားတွေက (၈) ပတ်ဝန်းကျင်မှာပဲရှိနေကြပါတယ်။ နောက်ခံလူတစ်ဦးဖြစ်တဲ့ ရွန်နီဂျွန်ဆင် ဆိုရင် အဲဒီရာသီတုန်းက သူ့ရဲ့အဆင့်သတ်မှတ်ချက်က (၇)ပဲရှိခဲ့ပြီး အသင်းအတွက် လုပ်အားနှုန်းအနည်းဆုံးဖြစ်ခဲ့တာပါ။

အဲဒီရာသီက မန်ယူကစားသမားတွေရဲ့စုစုပေါင်း လုပ်အားနှုန်းက (၁၀၉.၅) သာ ရှိခဲ့ပြီး ဒါဟာ ပုံမှန်အသင်းတစ်သင်းရဲ့စွမ်းဆောင်ရည်ထက် အနည်းငယ်ပဲ ပိုတဲ့ ပမာဏ ပါပဲ။

AP

ဒီရာသီ မန်စီးတီးအသင်းဖက်ကို ပြန်ကြည့်မယ်ဆိုရင်တော့ မန်စီးတီးမှာ လုပ်အားနှုန်း (၉) ရှိတဲ့ ကစားသမား (၄)ယောက်ရှိနေပြီး (၉)ထက်ကျော်လွန်တဲ့ ကစားသမားတွေတောင်ရှိလို့နေပါသေးတယ်။ ဘာနာဒိုဆေးလ်ဗား ၊ ဆေးလ်ဗား ၊ ဖာနန်ဒင်ဟို ၊ အီဒါဆင် စတဲ့ ကစားသမားတွေဟာ လုပ်အားနှုန်း (၉) ရှိတဲ့ ကစားသမားတွေ ဖြစ်ကြပြီး တိုက်စစ်ပိုင်းမှာ အထူးခြေစွမ်းပြခဲ့တဲ့ စတာလင် နဲ့ အဂွီရိုတို့ ကတော့ လုပ်အားနှုန်း (၉.၅)အထိ ရှိခဲ့တာပါ။

မန်စီးတီးအသင်းမှာ လုပ်အားနှုန်းအနည်းဆုံး ကစားသမားကတော့ ဇင်ချန်ကို ဖြစ်ပြီး သူ့ရဲ့လုပ်အားနှုန်းအဆင့်က (၆.၅)သာ ရှိခဲ့ပါတယ်။

AP

ဒါပေမယ့်လည်း မန်စီးတီးရဲ့ စုစုပေါင်း လုပ်အားနှုန်းက (၁၁၂)အထိ ရှိခဲ့ပြီး မန်ယူအသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် သာလွန်နေခဲ့တာကိုတွေ့ရမှာပါ။

ဒီအခြေအနေမှာ မီဒီယာတွေ သုံးသပ်ခဲ့ကြတာက မန်စီးတီးအသင်းဟာ လုပ်အားနှုန်းတွေ ဒီလောက်ကောင်းမွန်ရဲ့သားနဲ့ မန်ယူအသင်းလို ချန်ပီယံလိဂ်ဆုဖလား ဘာလို့ မဆွတ်ခူးနိုင်သေးတာလဲ ဆိုတာပါ။

သူတို့ရဲ့သုံးသပ်မှုတွေအရ မန်ယူအသင်းက  လုပ်အားနှုန်းတွေ သိပ်မကောင်းခဲ့ဘူးဆိုပေမယ့် အသင်းကစားသမားတွေရဲ့အနိုင်ရလိုစိတ်ပြင်းထန်တာ၊ နည်းပြဖာဂူဆန်ရဲ့တွန်းအားပေးမှုတွေ ကောင်းမွန်ခဲ့တာ စတာတွေက အဓိက ကျခဲ့ပြီး ဖလား(၃)လုံး ရယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

AP

ဒီလိုဆိုရင် မန်စီးတီးအသင်းကရော ဂွာဒီယိုလာရဲ့လက်အောက်မှာ ဖလား(၃)လုံး ရယူနိုင်တဲ့အခြေအနေတွေ ရှိမနေဘူးလား…။ မကြာခင် စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။။

Linn

Source : Dailymail

READ  အငြင်းပွားဖွယ်မရှိ ဘူပိတ်နေတဲ့ မန်ယူတိုက်စစ်မှူး လူကာကူရဲ့ ဒီရာသီလွဲချော်မှုများ