ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ဟာ အသင်းရဲ့ ဘာနေဗျူးကွင်းကြီးထဲမှာ ရော်ဂျာဖက်ဒါရာ နဲ့ ရာဖေးလ်နာဒယ်လ်တို့ရဲ့ တင်းနစ်ပွဲကိုကျင်းပဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ပီရက်ဇ်ဟာ သူ့ရဲ့အကြံကို ကလပ်အသင်းရဲ့ အဖွဲ့ဝင်တွေကို ပြောပြထားပြီးဖြစ်သလို၊ ရီးရဲလ်ပရိသတ်တဦးဖြစ်တဲ့ နာဒယ်လ်ကိုလည်း ပြောပြထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

as.com

ပရိသတ် (၈)သောင်းကျော်ဆံ့တဲ့ ဘာနေဗျူးကွင်းမှာသာ ဖက်ဒါရာနဲ့ နာဒယ်လ်တို့ရဲ့ တင်းနစ်ပွဲကိုကျင်းပဖြစ်ခဲ့ပြီး ပရိသတ်တွေလည်း ကွင်းအပြည့်လာကြည့်ခဲ့မယ်ဆိုရင် တင်းနစ်အားကစားလောကမှာ ပရိသတ်စံချိန်တင်မဲ့ ပွဲဖြစ်လာမှာဖြစ်ပြီး ရီးရဲဥက္ကဌ ပီရက်ဇ်ကလည်း ဒီလိုစံချိန်တင်နိုင်ဖို့ ရည်မှန်းနေတာဖြစ်တယ်လို့ သိရပါတယ်။

dailymail

တင်းနစ်ပြိုင်ပွဲတွေမှာ ကွင်းအတွင်းပရိသတ်ကြည့်ရှုမှုအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ပွဲက ၂၀၁၀ ခုနှစ်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘေဆယ်လ်မြို့မှာ ကစားခဲ့တဲ့ လက်ရည်စမ်းပွဲမှာပါ။ ဘယ်လ်ဂျီယံတင်းနစ်မယ် ကင်မ်ကလိုက်စတားစ် နဲ့ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံတို့ ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပရိသတ် (၃၅,၆၈၁) ဦးလာရောက်ကြည့်ရှုပြီး ကွင်းအတွင်းပရိသတ်အများဆုံး တင်းနစ်ပွဲအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒီစံချိန်ကို လာမဲ့ ၂၀၂၀ ဖေဖော်ဝါရီလမှာ ဖက်ဒါရာနဲ့ နာဒယ်လ်တို့ပဲ ယှဉ်ပြိုင်မဲ့ လက်ရည်စမ်းပွဲက ချိုးဖျက်ဖို့ များနေပါတယ်။ လာမဲ့ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ (၇)ရက်နေ့မှာ ဖက်ဒါရာ နဲ့ နာဒယ်လ်တို့ဟာ တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့မှာရှိတဲ့ Capetown Stadium ကြီးထဲမှာ လက်ရည်စမ်းပွဲယှဉ်ပြိုင်သွားမှာပါ။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဆီမီးနဲ့ ကွာတားပွဲစဉ်တွေအပါအဝင် ပွဲစဉ်(၈)ပွဲလက်ခံကျင်းပခဲ့တဲ့ အဲဒီကွင်းဟာ ပရိသတ် (၅၅,၀၀၀)ဝင်ဆံ့ပြီး ဖက်ဒါရာနဲ့ နာဒယ်လ်တို့ရဲ့ ရန်ပုံငွေလက်ရည်စမ်းပွဲကို ပရိသတ်အပြည့်လာရောက်ကြည့်ရှုခဲ့ရင် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

capebusinessnews

အဲဒီနေ့မှာ ဖက်ဒါရာနဲ့ နာဒယ်လ်တို့ပွဲအပြင် ဖက်ဒါရာနဲ့ မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်စ် တို့အတွဲနဲ့ နာဒယ်လ်နဲ့ တောင်အာဖရိကနိုင်ငံသား နာမည်ကျော်ဟာသပညာရှင် ထရီဗာနိုအာ တို့ရဲ့ (၂)ယောက်တွဲပွဲစဉ်ကိုလည်း ယှဉ်ပြိုင်မှာဖြစ်ပြီး ရရှိတဲ့ဝင်ငွေအားလုံးကို တောင်အာဖရိကတိုက်က ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ ဖက်ဒါရာရဲ့ ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

computicket/twitter

Ko Puccy
Source: MailOnline,ATP

READ  တင်းနစ်ပြိုင်ပွဲသွားကြည့်ပြီး ဘောလုံးဖမ်းဖို့ကြိုးစားခဲ့တဲ့ ရော်နယ်ဒိုရဲ့ဟာသဖြစ်ရပ်