ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ကပဲ စပိန်လာလီဂါချန်ပီယံဆုဖလားကြီးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဘာကာဟာ Spanish Cup ဖိုင်နယ်ပွဲစဉ်ကိုလည်း အခုလမှာ ဗလင်စီယာအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ အခု ချန်ပီယံလိဂ်နဲ့ဆိုရင် သူတို့ဟာ ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ မြင်သာစေပါတယ်။ ဒီနှစ်ဟာ (၂၀၀၈)ခုနှစ်ပြီးရင် ဘာစီတို့အတွက် အထင်ကရနှစ်တစ်ခု ဖြစ်လာမှာပါ။

(AP Photo/Manu Fernandez)

လီဗာပူးကလည်း လက်ရှိမှာ အကောင်းဆုံးစုဖွဲ့မှုနဲ့ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကို ကြည့်ချင်းအားဖြင့် အမှားအယွင်း ပိုနည်းလာတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီးနဲ့ နင်လာငါလား ကြိုးစားနေချိန်၊ အခု ချန်ပီယံလိဂ်ကလည်း အသင်းရဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ယမန်နှစ်က တေ့လွဲ လွဲခဲ့သမျှ ဒီနှစ်ကို အတော်လေး အားခဲထားတာ သိသာလွန်းပါတယ်။

(AP Photo/Jon Super)

နှစ်သစ်စလုံးရဲ့ ဂိုးသွင်းစွမ်းရည်ဟာ သံသယရှိစရာအချက်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းလယ်တိုက်စစ် ယှဉ်ရင်တော့ ဘာစီလိုနာက အနည်းငယ် အသာစီးရထားပါတယ်။ ကစားရမှာကလည်း ဘာစီလိုနာကွင်းမှာ ဖြစ်ပြီး၊ အသာရချင်းရရင် အိမ်ရှင်တို့ အသာရသွားဖို့ ရှိပါတယ်။ စောင့်ကြည့်ရမယ့် ကစာသမားတွေကတော့ တစ်ပွဲတစ်ဂိုးနှုန်း သွင်းနေတဲ့ မက်ဆီနဲ့၊ လီဗာပူးနောက်တန်း မဟာတံတိုင်းကြီး ဗန်ဒိုက်တို့ပါ။

(AP Photo/Manu Fernandez)
(AP Photo/Luis Vieira)

ကမ္ဘာကျော် လောင်းကစားဝက်ဘ်ဆိုဒ်ကြီး forebet.com ရဲ့ အနိုင်အရှုံးခန့်မှန်းမှုမှာတော့ ဘာစီလိုနာနိုင်ခြေ (၄၂)% ဖြစ်ပြီး၊ လီဗာပူးနိုင်ခြေ (၂၄)%၊ သရေကျနိုင်ခြေ (၃၄)% လို့ ဖော်ပြထားပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဂိုးရလဒ်ကတော့ 2-1 ဖြစ်ပါတယ်။ ဒီရလဒ်ဟာ ဘာစီလိုနာအတွက် ဖိအားမကင်းနိုင်တဲ့ ရလဒ်မျိုးပါ။

 

လင်းသူရိန် (SportsAhtar)

Source : espn.com/ goal.com/ forbet.com

READ  အိမ်ကွင်းမှာ မဖြစ်မနေနိုင်ဖို့ လိုအပ်နေတဲ့လီဗာပူးလ် ၊ နာပိုလီကိုနိုင်ပါ့မလား