ပရီးမီးယားလိဂ်ပွဲစဉ်(၈)ကို ဒီညမှာ (၆)ပွဲ၊ မနက်ဖြန်ညမှာ (၄)ပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီတပတ်ပြီးရင် နိုင်ငံတကာပွဲတွေအတွက် ကလပ်အသင်းပွဲတွေခဏနားမှာဖြစ်ပါတယ်။ ဒီညပွဲတွေမှာတော့ Big 6 အသင်းတွေထဲက စပါးနဲ့ လီဗာပူးလ်တို့ ကစားမှာဖြစ်ပြီး တခြားပွဲတွေမှာလည်း ခြေညီတဲ့အသင်းတွေတွေ့နေလို့ အကြိတ်အနယ်ရှိဦးမှာပါ။

soccerway.com

ဘရိုက်တန် – စပါး

ဒီပွဲမှာ ပထမဆုံးမေးရမဲ့မေးခွန်းက စပါးအသင်း ကြားရက်က အရှက်တကွဲရှုံးနိမ့်မှုက ပြန်လာနိုင်မလားဆိုတာပါပဲ။ အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ (၇)ဂိုးသွင်းတာခံခဲ့ရလို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အနည်းနဲ့အများ ထိခိုက်မှုရှိနေမှာ သေချာပါတယ်။ ဒါ့အပြင် စပါးဟာ ပရီးမီးယားလိဂ်အဝေးကွင်း (၉)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့အသင်းပါ။ အိမ်ရှင်ဖြစ်တဲ့ ဘရိုက်တန်ကလည်း ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရတာ(၆)ပွဲဆက်တိုက်ရှိနေပါပြီ။ ဒါ့အပြင် အဲဒီ(၆)ပွဲမှာ သွင်းဂိုးကလည်း (၂)ဂိုးပဲရှိပါတယ်။ အစဉ်အလာကို ကြည့်ရင်လည်း ဘရိုက်တန်ဟာ စပါးကိုမယှဉ်နိုင်ဘဲ (၆)ပွဲတွေ့ဆုံထားရာမှာ (၁)ပွဲပဲသရေကစားနိုင်ခဲ့ပြီး ကျန်တဲ့ (၅)ပွဲကိုရှုံးထားပါတယ်။ လက်ရှိခြေစွမ်းတွေအရတော့ အိမ်ရှင်တို့ သရေတမှတ်ပဲ မျှော်လင့်ရမှာဖြစ်ပြီး စပါးတို့ အဝေးကွင်းနိုင်ပွဲပြန်ရှာတွေ့မှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဘရိုက်တန် ၀-၂ စပါး

 

ဘန်လေ – အဲဗာတန်

နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲမရှိတဲ့ ဘန်လေနဲ့ နောက်ဆုံး(၃)ပွဲဆက်ရှုံးထားတဲ့ အဲဗာတန်တို့ ဆုံတွေ့နေတာပါ။ ဘန်လေဟာ နောက်ဆုံးပွဲမှာ ဗီလာကို အဝေးကွင်းမှာ နောက်က (၂)ကြိမ်လိုက်ကစားပြီး သရေတမှတ်ရအောင်ယူနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာတော့ ဘန်လေရဲ့ခြေစွမ်းက မာကျောပြီး ဒီရာသီမှာရထားတဲ့ နိုင်ပွဲ(၂)ပွဲစလုံးကိုလည်း အိမ်ကွင်းမှာ ရထားတာပါ။ ဘွန်းမောက်၊ ရှက်ဖီးလ်၊ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့ အဲဗာတန်မှာတော့ နည်းပြမာကိုဆေးလ်ဗားရဲ့ ထိုင်ခုံလှုပ်နေပါပြီ။ ဒါ့အပြင် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ (၅)ပွဲဆက် တပွဲကို အနိမ့်ဆုံး (၂)ဂိုးအသွင်းခံထားရပါတယ်။ ဘန်လေကွင်းမှာ အဲဗာတန်တို့ (၄)ပွဲဆက် ရှုံးနိမ့်ဦးမဲ့သဘောပါပဲ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဘန်လေ ၂-၁ အဲဗာတန်

 

လီဗာပူးလ် – လက်စတာ

(၇)ပွဲဆက်နိုင်ထားတဲ့ လီဗာပူးလ်အသင်းကို ရပ်တန့်နိုင်မဲ့အသင်းရှိလာဦးမှာလားလို့ မေးရမလိုပါပဲ။ ကြားရက်တုန်းက ဆဲလ်ဘတ်အသင်းက သရေကစားနိုင်မယ်ထင်ခဲ့ရပေမဲ့ လီဗာပူးလ်က လိုအပ်တဲ့ဂိုးကိုအရယူနိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမှာလည်း လီဗာပူးလ်အသင်း လိုအပ်တဲ့ဂိုးကိုရအောင်ယူနိုင်ခဲ့ပြီး ဒါဟာ ချန်ပီယံအသင်းတွေမှာတွေ့ရတတ်တဲ့ စိတ်ဓာတ်အင် အားနဲ့ ကံကြမ္မာရဲ့မျက်နှာပေးမှုမျိုးပါ။ (၂)ပွဲဆက်နိုင်ပြီး နယူးကာဆယ်ကို ဂိုးပြတ်သွင်းထားလို့ စိတ်ဓာတ်တက်နေတဲ့ လက်စတာအနေနဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ အခက်တွေ့အောင် လုပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ မနှစ်က သရေကစားနိုင်ခဲ့ပေမဲ့ လက်ရှိလီဗာပူးလ်ရဲ့ခြေစွမ်းက လက်စတာထက် မြင့်နေတာ ငြင်းမရပါဘူး။ တခုသတိထားရမှာက လက်စတာဟာ ဒီရာသီမှာ Big 6 အသင်းတွေထဲက မန်ယူနိုက်တက်ကိုရှုံးခဲ့ပေမဲ့ ချယ်လ်ဆီးကို သရေ၊ စပါးကို အနိုင်ကစားထားတာပါပဲ။ ခြေအနည်းငယ်ကျနေသလိုဖြစ်နေတဲ့ လီဗာပူးလ် နောက်တန်းကိုတော့ ဗာဒီ ဂိုးသွင်းနိုင်ဦးမှာဖြစ်ပေမဲ့ သရေကျဖို့တော့ ခက်ခက်ခဲခဲကစားရမှာပါ။ အိမ်ရှင်အသင်း နိုင်ပွဲဆက်ပါလိမ့်ဦးမယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ လီဗာပူးလ် ၂-၁ လက်စတာ

 

နောဝစ်ခ်ျ – အက်စတွန်ဗီလာ

အဝေးကွင်း(၂)ပွဲဆက်ကစားခဲ့ရပြီး (၂)ပွဲလုံးရှုံးခဲ့တဲ့ နောဝစ်ခ်ျအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာပါလိမ့်မယ်။ လက်ရှိရထားတဲ့ နိုင်ပွဲ(၂)ပွဲဟာလည်း အိမ်ကွင်းမှာပဲရထားတာဖြစ်သလို၊ နောဝစ်ခ်ျရဲ့ အိမ်ကွင်းခြေစွမ်းက ဗီလာကို အခက်တွေ့စေမှာပါ။ (၄)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ဗီလာကလည်း ဒီရာသီအဝေးကွင်း(၃)ပွဲစလုံးကို ရှုံးထားပါတယ်။ ဒါ့အပြင် နောဝစ်ခ်ျကွင်းမှာ လာကစားရတဲ့ နောက်ဆုံး(၄)ပွဲကိုလည်း ရှုံးထားပါသေးတယ်။ တခုသတိထားရမှာက နောဝစ်ခ်ျအသင်းရဲ့ အဓိကကစားသမားအတော်များများ ဒဏ်ရာရနေကြတာဖြစ်ပြီး လူအင်အားချင်း ယှဉ်ရင်တော့ ဗီလာက အနည်းငယ်အသာရနေပါတယ်။ နောဝစ်ခ်ျနိုင်ဖို့များပေမဲ့ မထင်မှတ်ဘဲ သရေလည်းကျသွားနိုင်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ နောဝစ်ခ်ျ ၂-၁ ဗီလာ

 

ဝက်ဖို့ဒ် – ရှက်ဖီးလ်ယူနိုက်တက်

ရာသီအစမှာနိုင်ပွဲလုံးဝမရှိသေးတဲ့ ဝက်ဖို့ဒ်ကတော့ အတော့်ကိုစိတ်ပျက်စရာပါပဲ။ နောက်ဆုံး(၂)ပွဲမှာ (၁၀)ဂိုးပေးထားရပြီး သွင်းဂိုးမရှိတဲ့ ခြေစွမ်းက ရှက်ဖီးလ်ကို အိမ်ကွင်းမှာအသာရဖို့ ခက်ပါတယ်။ ရှက်ဖီးလ်အသင်းကလည်း နောက်ဆုံးပွဲမှာ လီဗာပူးလ်ကိုယှဉ်ကစားနိုင်ခဲ့ပေမဲ့ ဂိုးသမားရဲ့အမှားကြောင့် အရှုံးပေးခဲ့ရတာပါ။ ဒါ့အပြင် ရှက်ဖီးလ်ဟာ လက်ရှိအချိန်ထိတော့ အဝေးကွင်းရလဒ်ကောင်းနေပြီး ရှုံးပွဲမရှိသေးသလို၊ လက်ရှိရထားတဲ့ (၈)မှတ်မှာ (၅)မှတ်ကို အဝေးကွင်းမှာရခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်ကိုယှဉ်ကစားနိုင်ပါလိမ့်မယ်။ တခုရှိတာက ဝက်ဖို့ဒ်ဟာ အိမ်ကွင်းနောက်ဆုံးပွဲမှာ အာဆင်နယ်ကို သရေကစားနိုင်ခဲ့ပြီး အခုကိုယ့်အသင်းပရိသတ်ရှေ့မှာပြန်ကစားရမှာဖြစ်လို့ အစွမ်းကုန်ရုန်းကစားနိုင်တာကိုပါ။ အမှတ်ခွဲယူကြဖို့များတဲ့ ပွဲပါပဲ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဝက်ဖို့ဒ် ၁-၁ ရှက်ဖီးလ်

 

READ  ဒီညကစားမဲ့ လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၁/၉/၂၀၁၉)

ဝက်စ်ဟမ်း – ခရစ္စတယ်ပဲလေ့စ်

အဖွင့်ပွဲမှာ မန်စီးတီးကိုဂိုးပြတ်ရှုံးပြီးကတည်းက ရှုံးပွဲမရှိတော့တဲ့ ဝက်စ်ဟမ်းရဲ့ခြေစွမ်းက အထင်ကြီးဖို့ကောင်းပါတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ မန်ယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ပွဲအပါအဝင် အိမ်ကွင်း(၂)ပွဲဆက် အနိုင်ရထားပြီး (၂)ပွဲစလုံးမှာ ဂိုးမပေးထားရပါဘူး။ ပဲလေ့စ်ကလည်း နောက်ဆုံးပွဲမှာနိုင်ပွဲပြန်ရထားလို့ ယုံကြည်မှုတက်နေပါတယ်။ ဒါ့အပြင် ဒီ(၂)သင်းတွေ့ဆုံတဲ့ နောက်ဆုံး(၄)ပွဲမှာ (၂)သင်းစလုံးဂိုးတွေသွင်းနိုင်ခဲ့ကြလို့ ဒီပွဲမှာလည်း ဂိုးတွေမြင်ရဦးမှာပါ။ Little London Derby မှာတော့ အစဉ်အလာပိုင်းမှာ ဝက်စ်ဟမ်းက ပဲလေ့စ်ကို အသာစီးရထားပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၈)ပွဲမှာ ရှုံးပွဲမရှိအောင်ကစားထားနိုင်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ ဝက်စ်ဟမ်းပဲ အနိုင်ရဦးမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဝက်စ်ဟမ်း ၂-၁ ပဲလေ့စ်

Yan Oo