တဖြေးဖြေးနဲ့အရှိန်ရလာပြီဖြစ်တဲ့ အီတလီစီးရီးအေကတော့ ပွဲစဉ်(၇)ကိုတော့ ဒီညနဲ့ မနက်ဖြန်ညတွေမှာ ဆက်လက်ယှဉ်ပြိုင်မှာပါ။ ဒါပေမဲ့ ပွဲစဉ်(၁၀)ပွဲအနက် (၉)ပွဲကိုပဲ ယှဉ်ပြိုင်မှာဖြစ်ပြီးတော့ ဘရက်စီယာ-ဆက်ဆူအိုလိုပွဲကိုတော့ ဒီဇင်ဘာလကို ရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။ ရွှေ့ဆိုင်းရတဲ့အကြောင်းရင်းကတော့ ဆက်ဆူအိုလိုအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျော်ဂျီယိုဆကွင်ဇီ ကွယ်လွန်ခဲ့တာကြောင့် ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီညမှာတော့ ပွဲစဉ်(၃)ပွဲကိုယှဉ်ပြိုင်သွားမှာဖြစ်ပြီး ရလဒ်တွေဆိုးနေတဲ့ အေစီမီလန် အသင်းရဲ့ပွဲစဉ်ပါဝင်နေပါတယ်။

soccerway.com

SPAL – ပါးမား

နောက်ဆုံး(၃)ပွဲဆက်ရှုံးထားတဲ့ SPAL အသင်းကတော့ အဓိကကစားသမားတွေလည်း ဒဏ်ရာတွေရနေလို့ အားနည်းနေပါတယ်။ နောက်ဆုံး(၃)ပွဲမှာ (၈)ဂိုးပေးရပြီး (၁)ဂိုးပဲသွင်းနိုင်တဲ့ တိုက်စစ်က ပါးမားကို အသာရဖို့ခက်မှာပါ။ (၂)ပွဲဆက်ပြန်နိုင်ပြီး အဆင့်(၁၀)အတွင်းဝင်လာတဲ့ ပါးမားကတော့ အသင်းလိုက်ကစားပုံ အတော်လေးကောင်းလာပါတယ်။ ကစားပြီးခဲ့တဲ့ (၆)ပွဲမှာ ဂျူဗင်တပ်စ်နဲ့ လာဇီယိုကိုပဲ ဂိုးမသွင်းနိုင်ခဲ့ဘဲ ကျန်တဲ့ပွဲတွေအားလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်ကလည်း SPAL ခံစစ်ကို ဂိုးသွင်းနိုင်မှာပါ။ ပါးမားအသင်းရလဒ်ကောင်းဖို့ များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ SPAL ၀-၁ ပါးမား

 

ဗီရိုနာ – ဆမ်ဒိုးရီးယား

ဂျူဗင်တပ်စ်ကို ယှဉ်ကစားခဲ့ပြီးနောက်ပိုင်း ခြေတက်လာတဲ့ ဗီရိုနာဟာ နောက်ဆုံး(၂)ပွဲဆက် ရှုံးပွဲမရှိကစားထားပါတယ်။ အိမ်ကွင်းမှာနိုင်ပွဲမရသေးတာကြောင့်လည်း ခြေပျက်နေတဲ့ ဆမ်ဒိုးရီးယားကို အနိုင်ကစားဖို့ ကြိုးစားမှာပါ။ (၆)ပွဲကစားပြီးချိန်မှာ (၅)ပွဲရှုံးထားတဲ့ ဆမ်ဒိုးရီးယားကတော့ မနှစ်ကခြေစွမ်းကိုလုံးဝပြန်မရသေးဘဲ ရုန်းကန်နေရပါတယ်။ (၂)သင်းစလုံးက တိုက်စစ်အားနည်းတဲ့အသင်းတွေဖြစ်လို့ သွင်းဂိုးနည်းမဲ့ပွဲဖြစ်လာနိုင်ပြီး အမှတ်ခွဲယူကြဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဗီရိုနာ ၁-၁ ဆမ်ဒိုးရီးယား

 

ဂျီနိုအာ – အေစီမီလန်

အစဉ်အလာကြီးမားလှတဲ့ အေစီမီလန်ကတော့ (၃)ပွဲဆက်ရှုံးပွဲနဲ့အတူ နှစ်ပေါင်း(၈၀)အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်နဲ့ ကြုံတွေ့နေရတာပါ။ ဒါပေမဲ့ ဒီအချိန်မှာ ဂျီနိုအာနဲ့တွေ့တာ အေစီမီလန်တို့အတွက် နိုင်ပွဲပြန်ရဖို့ မျှော်လင့်ချက်ပါပဲ။ (၄)ပွဲဆက်နိုင်ပွဲမရှိတဲ့ အိမ်ရှင်အသင်းကတော့ နောက်ဆုံး(၄)ပွဲမှာ (၉)ဂိုးပေးထားရပြီး ခြေပျက်နေပါတယ်။ ဂျီနိုအာနဲ့နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲစလုံးအနိုင်ရထားတဲ့ အေစီမီလန်တို့ ဒီပွဲမှာနိုင်ပွဲပြန်ယူပြီး ဖိအားတွေကို လျှော့ချဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်က အတွဲအဖက်မမိသေးဘဲ ဒီရာသီမှာ (၁)ဂိုးထက်ပိုသွင်းတဲ့ပွဲမရှိသေးတဲ့ အေစီမီလန်တို့ အနိုင်ရဖို့ ခက်ခက်ခဲခဲတော့ ကစားရပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဂျီနိုအာ ၀-၁ အေစီမီလန်

Yan Oo

READ  ရာနှုန်းပြည့် နိုင်ပွဲစံချိန်ဆက်ဖို့ အဝေးကွင်းမှာ ဘန်လေကို အနိုင်ယူမယ့် လီဗာပူးလ်