ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ Super Sunday မှာတော့ ပွဲစဉ်(၄)ပွဲယှဉ်ပြိုင်မှာဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်၊ ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက်တို့လို အသင်းကြီးတွေရဲ့ပွဲတွေဖြစ်တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့ကြဦးမှာ သေချာနေပါတယ်။

soccerway.com

အာဆင်နယ် – ဘုန်းမောက်

ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရှိခဲ့ပေမဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပါတယ်။ တိုက်စစ်က အူဘာမီယန်ကလည်း ဂိုးသွင်းခြေစွမ်းပြနေလို့ ဂိုးရဖို့ ပူစရာမလိုပါဘူး။ ဘုန်းမောက်ကလည်း နောက်ဆုံး(၃)ပွဲဆက် ရှုံးပွဲမရှိဘဲ (၂)ပွဲနိုင်၊ (၁)ပွဲသရေကစားထားပြီး အဲဒီ(၃)ပွဲမှာ တိုက်စစ်က (၈)ဂိုးအထိ သွင်းထားနိုင်ပါတယ်။ ဘုန်းမောက်တိုက်စစ်မှူး ကူလန်ဝီလ်ဆင်ကလည်း (၄)ပွဲဆက်ဂိုးသွင်းထားပြီး ဒီပွဲမှာလည်း (၅)ပွဲဆက် ဂိုးသွင်းနိုင်ဖို့ ကြိုးစားဦးမှာပါ။ အာဆင်နယ်တိုက်စစ်ကို ဘုန်းမောက်နောက်တန်း ထိန်းနိုင်ဖို့ မလွယ်သလို၊ ဘုန်းမောက်တိုက်စစ်ကိုလည်း အမှားများတဲ့ အာဆင်နယ်ခံစစ် ခက်ခက်ခဲခဲ ထိန်းချုပ်ရဦးမှာပါ။ အစဉ်အလာပိုင်းမှာတော့ အာဆင်နယ်တို့ ဘုန်းမောက်ကို သိသိသာသာအသာရထားပြီး အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ ကစားထားတဲ့ (၄)ပွဲမှာ ပွဲတိုင်းနိုင်ထားသလို၊ (၁၃)ဂိုးသွင်းပြီး (၂)ဂိုးပဲ ပြန်ပေးထားရပါတယ်။ ဒီပွဲမှာ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ ဟယ်ရီဝီလ်ဆင်သာ မပါနိုင်ရင်တော့ ဘုန်းမောက်အခက်တွေ့မှာဖြစ်ပြီး အာဆင်နယ်ခံစစ်ကြောင့် ဘုန်းမောက်ဂိုးရနိုင်ပေမဲ့ အိမ်ရှင်တို့ (၃)မှတ်အပြည့်ရဖို့ရှိပါတယ်။


ဖြစ်နိုင်ဖွယ်ရလဒ်။   ။ အာဆင်နယ် ၃-၁ ဘုန်းမောက်

 

မန်ချက်စတာစီးတီး – ဝုလ်ဗ်

မနေ့က လီဗာပူးလ်နိုင်သွားပြန်တာကြောင့် အမှတ်မပြတ်ဖို့ ဒီပွဲမှာ မန်စီးတီးတို့ မဖြစ်မနေ အနိုင်ကစားရဦးမှာပါ။ ဒါပေမဲ့ အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ဖိအားတော့ နည်းပါလိမ့်မယ်။ နောဝစ်ခ်ျကိုရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ (၅)ပွဲကစားထားရာမှာတော့ မန်စီးတီးတို့ပွဲတိုင်းနိုင်ပြီး တိုက်စစ်က (၁၉)ဂိုးအထိတောင် သွင်းထားနိုင်ပါတယ်။ ရာသီအစက ရလဒ်တွေဆိုးခဲ့တဲ့ ဝုလ်ဗ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲစရခဲ့သလို၊ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲမှာလည်း ရှုံးပွဲမရှိပါဘူး။ ဒါပေမဲ့ မနှစ်ကခြေစွမ်းကိုပြန်မရသေးသလို၊ ဒီပွဲမှာလည်း မန်စီးတီးကို အခက်တွေ့အောင်လုပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါ့အပြင် မန်စီးတီးကွင်းမှာလာကစားရတဲ့ နောက်ဆုံး(၄)ပွဲဆက် ရှုံးထားတဲ့ ဝုလ်ဗ်တို့ ဒီပွဲမှာလည်း အမှတ်ဗလာနဲ့ အိမ်ပြန်ရပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ မန်စီးတီး ၃-၀ ဝုလ်ဗ်

 

ဆောက်သမ်တန် – ချယ်လ်ဆီး

(၂)ပွဲဆက် ရှုံးထားတဲ့ ဆောက်သမ်တန်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရှုံးပွဲမဆက်အောင် ကြိုးစားဖို့ရှိပါတယ်။ နောက်ဆုံးပွဲမှာ တယောက်လျော့ စပါးအသင်းဆီက တမှတ်ခွဲမယူနိုင်ခဲ့တာ ဆောက်သမ်တန်အတွက် နစ်နာပြီး အဲဒီပွဲမှာ စိန့်တို့ ကစားပုံကောင်းခဲ့ပါတယ်။ အိမ်ကွင်းမှာ (၁၇)ပွဲဆက်တိုက် ဂိုးသွင်းထားနိုင်တဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ ၂၀၁၉ ခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ အဝေးကွင်းပေးဂိုးအများဆုံးဖြစ်နေတဲ့ ချယ်လ်ဆီးကို ဂိုးသွင်းနိုင်ဦးမှာပါ။ ချယ်လ်ဆီးအသင်းကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် မနိုင်သေးလို့ နိုင်ပွဲရအောင် ကြိုးစားပါလိမ့်မယ်။ ကြားရက်မှာ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်တာကို ထည့်တွက်ရမှာဖြစ်ပြီး အဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ အနည်းဆုံး (၂)ဂိုးစီ ပေးထားရတဲ့ ခံစစ်ကိုတော့ ပြင်ဖို့ လိုနေပါတယ်။ ချယ်လ်ဆီးရဲ့ အဝေးကွင်းခြေစွမ်း သိပ်မကောင်းသလို၊ ဆောက်သမ်တန်ကလည်း အိမ်ကွင်းမှာ (၅)ပွဲဆက်နိုင်ပွဲပျောက်နေတာကြောင့် ဒီပွဲက သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ကစားသမား စွမ်းဆောင်ရည်သာတဲ့ ချယ်လ်ဆီးပဲဖြစ်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဆောက်သမ်တန် ၁-၂ ချယ်လ်ဆီး

နယူးကာဆယ် – မန်ချက်စတာယူနိုက်တက်

(၂)သင်းစလုံးရဲ့ လက်ရှိခြေစွမ်းတွေက အတော့်ကို စိတ်ပျက်စရာပါ။ (၄)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်ဟာ နောက်ဆုံးပွဲမှာ လက်စတာကို (၅)ဂိုးပြတ်ရှုံးထားလို့ ဒီပွဲမှာ ခံစစ်ကို အဓိကပြင်ဆင်ပြီး ကစားပါလိမ့်မယ်။ အဓိကကစားသမား အများအပြားဒဏ်ရာရနေတဲ့ မန်ယူနိုက်တက်ကလည်း (၄)ပွဲဆက် နိုင်ပွဲမရှိသလို၊ ပရီးမီးယားလိဂ်မှာ အဝေးကွင်းနိုင်ပွဲမရတာလည်း (၇)ပွဲအထိရှိနေပါပြီ။ တိုက်စစ်ကလည်း တပွဲကို (၁)ဂိုးထက်ပိုသွင်းဖို့ထက် (၁)ဂိုးရဖို့တောင် အတော်ရုန်းကန်နေရတာပါ။ ဒါပေမဲ့ ဒီလိုအချိန်မှာ ခြေစွမ်းရော၊ ယုံကြည်မှုပါပျောက်ဆုံးနေတဲ့ နယူးကာဆယ်နဲ့တွေ့ရလို့ မန်ယူနိုက်တက်အသင်း ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါ့အပြင် နယူးကာဆယ်နည်းပြဖြစ်တဲ့ မန်ယူနိုက်တက်ကစားသမားဟောင်း စတိဗ်ဘရုစ်ကလည်း နည်းပြဘဝမှာ မန်ယူနိုက်တက်ကို (၂၂)ပွဲရင်ဆိုင်ဖူးပြီး တပွဲမှမနိုင်ဘူးပဲ (၁၇)ပွဲရှုံးထားပါတယ်။ ဒီပွဲမှာသာ (၂)ဂိုးသွင်းနိုင်ခဲ့ရင် ပရီးမီးယားလိဂ်မှာသွင်းဂိုး (၂,၀၀၀)ပြည့်မဲ့ ပထမဆုံးအသင်း ဖြစ်လာမဲ့ မန်ယူနိုက်တက်အနေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရအောင်ယူပြီး နည်းပြဆိုးလ်ရှားရဲ့ ဖိအားတွေကို ချေဖျက်ဖို့ ကြိုးစားပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ နယူးကာဆယ် ၀-၂ မန်ယူနိုက်တက်

Yan Oo

READ  ဖူလ်ဟမ်ရဲ့ အိမ်ကွင်းမှာ အနိုင်(၃)မှတ်အတွက် ရုန်းကန်ရမယ့် ပဲလေ့စ်