စပိန်လာလီဂါပွဲစဉ် (၈)ရဲ့လက်ကျန်ပွဲစဉ်(၅)ပွဲကိုတော့ ဒီညမှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အစောဆုံးပွဲကိုတော့ မြန်မာစံတော်ချိန် ညနေ(၄)နာရီခွဲမှာ စတင်ယှဉ်ပြိုင်သွားမှာပါ။ ဒီညအတွက် အကောင်းဆုံးပွဲကတော့ နူးကမ့်ကွင်းမှာယှဉ်ပြိုင်မဲ့ ဘာစီလိုနာနဲ့ ဆီဗီလာတို့ရဲ့ပွဲစဉ်ပါပဲ။

soccerway.com

မာယော့ကာ – အက်စ်ပန်ညို

liveonscore.com

ဒီနှစ်မှာတန်းပြန်တက်လာတဲ့ မာယော့ကာရဲ့လက်ရှိခြေစွမ်းက အဆိုးရွားဆုံးအခြေအနေကိုရောက်နေပါတယ်။ လာလီဂါအဖွင့်ပွဲစဉ်မှာ အနိုင်ရပြီးကတည်းက (၆)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နောက်ဆုံး (၃)ပွဲဆက်တိုက် ရှုံးထားပါတယ်။ ဒါ့အပြင် (၆)ပွဲမှာ ဂိုးသွင်းနိုင်တဲ့ပွဲ (၁)ပွဲပဲရှိတဲ့အထိ တိုက်စစ်ကလည်း ဂိုးပေါက်ပျောက်နေပါတယ်။ အက်စ်ပန်ညိုကလည်း လာလီဂါနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၂)ပွဲသရေ၊ (၁)ပွဲရှုံးထားပါတယ်။ ဒါပေမဲ့နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ ရုရှားမြေမှာ CSKA မော်စကိုအသင်းကို အနိုင်ရထားလို့ စိတ်ဓာတ်တက်နေနိုင်ပါတယ်။ ဒါ့အပြင် လာလီဂါမှာ အဝေးကွင်း (၇)ပွဲဆက်မရှုံးအောင်လည်း ကစားထားနိုင်တာကြောင့် ဒီပွဲမှာ ဧည့်သည်အသင်းကိုပဲ ပိုအကြိုက်တွေ့မိပါတယ်။ ပွဲပန်းနေလို့ သရေကျသွားနိုင်တာကိုတော့ သတိထားရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ မာယော့ကာ ၀-၁ အက်စ်ပန်ညို

 

ဆယ်လ်တာဗီဂို – ဘီလ်ဘာအို

liveonscore.com

လာလီဂါမှာ (၅)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ဆယ်လ်တာဗီဂိုတို့ ကစားပုံကလိုအပ်ချက်တွေရှိနေသလို၊ တပွဲကို (၁)ဂိုးထက်ပိုမသွင်းနိုင်သေးတဲ့ တိုက်စစ်ကလည်း ဖိအားဝင်နေပါတယ်။ ဘီလ်ဘာအိုကတော့ ပြီးခဲ့တဲ့အပတ်မှာ ရှုံးပွဲစတွေ့သွားလို့ ဒီပွဲမှာ အမှတ်ပြန်ရှာဖို့ကြိုးစားမှာပါ။ လက်ရှိခြေစွမ်းချင်းယှဉ်ရင် အိမ်ရှင်တို့ ဧည့်သည်အသင်းကို မယှဉ်နိုင်သလို၊ အစဉ်အလာပိုင်း မှာလည်း ဘီလ်ဘာအိုဟာ ဆယ်လ်တာအိမ်ကွင်းမှာနောက်ဆုံးကစားတဲ့ (၆)ပွဲမှာ (၅)ပွဲအနိုင်ကစားထားနိုင်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ အဝေးကွင်း (၃)ပွဲကစားပြီး (၃)ပွဲလုံး သရေကျထားတဲ့ ဘီလ်ဘာအိုရဲ့ အဝေးကွင်းခြေစွမ်းကြောင့် သရေကျသွားနိုင်ချေ ပိုများနေပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဆယ်လ်တာဗီဂို ၁-၁ ဘီလ်ဘာအို

 

ဗယ်လာဒိုလစ် – အက်သလက်တီကိုမက်ဒရစ်

နောက်ဆုံးပွဲမှာ အက်စ်ပန်ညိုကို အဝေးကွင်းမှာအနိုင်ရထားလို့ ဗယ်လာဒိုလစ်တို့ စိတ်အားတက်ကြွနေနိုင်ပေမဲ့ အက်သလက်တီကိုမက်ဒရစ်ကို အခက်တွေ့အောင် ကစားနိုင်ဖို့တော့ မလွယ်ပါဘူး။ အစဉ်အလာအရ နောက်ဆုံးထိပ်တိုက်တွေ့တဲ့ (၈)ပွဲစလုံး အက်သလက်တီကိုအသင်းကို အရှုံးပေးခဲ့ရသလို၊ အိမ်ကွင်းမှာလည်း အက်သလက်တီကိုအသင်းကို နောက်ဆုံး (၄)ပွဲမှာ (၁၂)ဂိုးတောင် ပေးထားရတာပါ။ မက်ဒရစ်ဒါဘီမှာ သရေကျခဲ့လို့ နိုင်ပွဲပြန်ရှာဖို့လိုနေတဲ့ အက်သလက်တီကိုအသင်းကတော့ ပုံမှန်ခြေပြန်ရနေပြီလို့ ပြောနိုင်ပြီး ခံစစ်ပိုင်းကလည်း နောက်ဆုံး (၇)ပွဲမှာ ဂိုးမပေးရတဲ့ပွဲ (၅)ပွဲရအောင် ကစားထားနိုင်ပါတယ်။ တိုက်စစ်မှာ ကော်စတာ၊ မိုရာတာ၊ ယာအိုဖိလစ်တို့နဲ့ လူစုံနေပြီဖြစ်တဲ့ အက်သလက်တီကိုအသင်း အစဉ်အလာအရ ဂိုးပြတ်နိုင်ပွဲရဦးမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဗယ်လာဒိုလစ် ၀-၃ အက်သလက်တီကို

ဆိုစီဒက် – ဂီတာဖေး

marca.as

လူငယ်တွေဖြစ်တဲ့ အိုဒီဂတ်၊ အိုယာဇာဘယ် တို့ ခြေစွမ်းပြနေတဲ့ ဆိုစီဒက်ဟာ (၃)ပွဲဆက်နိုင်ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ ဆီဗီလာကို အရှုံးပေးခဲ့ရပါတယ်။ ဒါပေမဲ့ ခြေစွမ်းအရတော့ ဆီဗီလာကို ယှဉ်ကစားနိုင်ခဲ့ပြီး အခု အိမ်ကွင်းမှာနိုင်ပွဲပြန်ရှာမှာပါ။ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲစဉ်(၄)ပွဲဆက်ကိုလည်း ဆိုစီဒက်တို့ အနိုင်ရထားပါတယ်။ ဂီတာဖေးကတော့ (၅)ပွဲဆက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ ဘာစီလိုနာကို ရှုံးခဲ့တာပါ။ ဒါပေမဲ့ ဂီတာဖေးရဲ့ အဝေးကွင်းခြေစွမ်းက စိုးရိမ်စရာဖြစ်နေပြီး နောက်ဆုံး(၈)ပွဲဆက်တိုက် နိုင်ပွဲမရှိပါဘူး။ အိမ်ရှင်အသင်း အနိုင်ကစားမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဆိုစီဒက် ၂-၁ ဂီတာဖေး

 

ဘာစီလိုနာ – ဆီဗီလာ

fcbarcelona.com

မနေ့က ရီးရဲလ်အနိုင်ရသွားလို့ (၅)မှတ်ကွာသွားတာကြောင့် ဘာစီလိုနာတို့ ဒီပွဲမှာ မဖြစ်မနေအနိုင်ကစားဖို့လိုနေပါပြီ။ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ (၃)ပွဲဆက်နိုင်ထားပေမဲ့ ဘာစီလိုနာရဲ့ ခြေစွမ်းက အရင်ကလောက် ကြောက်စရာမကောင်းသေးပါဘူး။ ဒီပွဲမှာ နောက်ခံလူ လန်းလယ် အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်လို့ နောက်တန်းအားနည်းနိုင်ပြီး ဆီဗီလာကို ဂိုးပေးရဖို့ များပါတယ်။ ဆီဗီလာကလည်း ခြေအနည်းငယ်ကျသွားတဲ့ပုံရှိနေပေမဲ့ လာလီဂါနောက်ဆုံး(၃)ပွဲမှာ (၂)ပွဲရှုံးထားပါတယ်။ ဆီဗီလာနဲ့တွေ့ရင် ဂိုးမြူးလေ့ရှိတဲ့ မက်ဆီ ဒီရာသီအတွက် ဂိုးစတင်သွင်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး အိမ်ကွင်းမှာပွဲတိုင်းနိုင်ထားသလို၊ ဆီဗီလာနဲ့တွေ့တဲ့ အိမ်ကွင်းနောက်ဆုံး(၆)ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဘာစီလိုနာတို့ အမှတ်လျော့ဖို့ မရှိလောက်ပါဘူး။
ဖြစ်နိုင်ဖွယ်ရလဒ်။   ။ ဘာစီလိုနာ ၃-၁ ဆီဗီလာ

Yan Oo

READ  ဒီညကစားမဲ့ စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် (၂၈/၉/၂၀၁၉)