ချယ်လ်ဆီး
Chelsea FC

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီကတော့ ယူရိုပါလိဂ်မှာ နိုင်ပွဲရခဲ့ပေမယ့် သူ့ရဲ့နည်းပြရာထူးနဲ့ ပတ်သက်လို့တော့ ဖိအားတွေရှိနေဆဲပဲ။ မန်စီးတီးအသင်းကို (၆-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကစားပုံက ဝေဖန်စရာဖြစ်ခဲ့ပေမယ့် အဲဒီ လူစာရင်းကဆာရီရဲ့အကောင်းဆုံး လူစာရင်းလို့ပဲ ပြောရမှာပါ။ တိုက်စစ်မှာ ဟာဇက် ၊ ဟီဂူအင်နဲ့ပက်ဒရို တို့အတွဲကိုပဲတွေ့ရဦးမှာဖြစ်ပြီး ကွင်းလယ်မှာ ကိုဗာဆစ် ထက် ဘာကလေ ကို ပိုပြီး အသုံးပြုဖို့ရှိနေတာပါ။ ဒီလိုဆိုရင် ချယ်လ်ဆီးရဲ့ ကွင်းလယ်အတွဲအဖြစ် ဘာကလေ ၊ ဂျော်ဂျင်ဟို နဲ့ ကန်တီ တို့ကို တွေ့ရပါလိမ့်မယ်။

ခံစစ်ပိုင်းမှာလည်း ဆာရီရဲ့ လူစာရင်းက အပြောင်းအလဲလုပ်ဖို့ သိပ်မရှိလောက်ပါဘူး။ အလွန်ဆို ၊ အက်ဇ်ပီလီကွီတာ ၊ လူးဝစ္စနဲ့ ရူဒီဂါ တို့ကိုပဲ ခံစစ်မှာ သုံးရမှာဖြစ်ပြီး ယူရိုပါလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အီမာဆင်နဲ့ ခရစ္စတီယန်ဆန်တို့က ဒီပွဲမှာ အရန်လူတွေအဖြစ်ပဲ ရှိနေရဖို့များပါတယ်။

မန်ယူ
Man United

ဆိုးလ်ရှားကတော့ PSG နဲ့ပွဲမှာ ရှုံးခဲ့တဲ့ မန်ယူရဲ့ လူစာရင်းနဲ့ ကစားပုံကို ပြောင်းဖို့ ကြိုးစားမှာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေကြောင့် လူစာရင်းအပြောင်းအလဲကတော့ သေချာပေါက်ပြုလုပ်ရမှာပါ။ ဒဏ်ရာရနေတဲ့ လင်ဂတ်နဲ့ မာရှယ် တို့နေရာမှာ လူကာကူ၊ မာတာ ။ ဒါမှမဟုတ်ရင် ဆန်းချက်ဇ်နဲ့ မာတာ တို့ ပါဝင်လာဖို့ရှိနေပြီး ကွင်းလယ်မှာတော့ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကွင်းလယ်အတွဲဖြစ်တဲ့ ဟာရဲရား ၊ မာတစ်နဲ့ ပေါ့ဂ်ဘာ တို့ကိုပဲ မြင်ရပါဦးမယ်။ ခံစစ်မှာတော့ ချန်ပီယံလိဂ်မှာသုံးခဲ့တဲ့ လင်ဒီလော့ဖ်၊ ဘိုင်လေ အတွဲအစား စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့အတွဲကို ပြန်သုံးဖို့ရှိနေပြီး FA နဲ့ လိဂ်ဖလားပွဲတွေမှာ ပွဲထွက်နေကြ ဂိုးသမား ရိုမီယို လည်း ဒီပွဲမှာ ပွဲထွက်လာဖို့ရှိနေပါတယ်။

သုံးသပ်ချက်
Man United

နှစ်သင်းစလုံးက နိုင်ပွဲတွေအတွက် ဖိအားရှိနေပြီး ဆိုးလ်ရှားအနေနဲ့ ရာသီကုန်ချိန်မှာ အမြဲတမ်းနည်းပြဖြစ်လာဖို့ နိုင်ပွဲရဖို့လိုနေသလို ဆာရီကလည်း သူ့ရဲ့လှုပ်ခတ်နေတဲ့နေရာအတွက် နိုင်ပွဲရယူဖို့ လိုနေပါတယ်။ PSG ကို ရှုံးခဲ့တဲ့ပွဲစဉ်မှာ ဒီမာရီယာ ကို မန်ယူနောက်ခံလူတွေ မထိန်းနိုင်ခဲ့တာကိုကြည့်ရင် ဟာဇက်ကိုရော ထိန်းဖို့လွယ်ပါ့မလားလို့ သံသယဖြစ်မိတယ်။ မန်ယူရဲ့ ညာခြမ်းက အက်ရှ်လေယန်းက ကစားပုံကောင်းပေမယ့် နည်းနည်း လေး နေပြီး မြန်တဲ့ကစားသမားတွေနဲ့တွေ့ရင် အမှားများတတ်တာကိုတော့ သတိထားရမယ်။

တစ်ခုရှိတာက ဟာဇက်ကလည်း ဆာရီနဲ့ ဆက်ဆံရေးအခြေအနေကြောင့် သူ့ရဲ့ခြေစွမ်းကို အပြည့်အ၀ ထုတ်မသုံးဘူးလို့တောင် စွပ်စွဲခံနေရတာပါပဲ။ မာရှယ်နဲ့ လင်ဂတ်တို့ မပါဘူးဆိုရင် မန်ယူအသင်းက တန်ပြန်တိုက်စစ်ကို ရက်ရှ်ဖို့ဒ်တစ်ယောက်တည်းနဲ့ ကစားရမလိုဖြစ်နေပြီး လူကာကူ ပါလာရင်တော့ တန်ပြန်တိုက်စစ်တွေအတွက် လေးကန်နေမှာ သေချာတယ်။

Chelsea FC

အချက်အလက်တွေအရတော့ မန်ယူဟာ (၂၀၁၂) ခုနှစ်က စပြီး ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်မရတော့ဘူး။ အခုဆိုရင် (၆)နှစ်တောင် ကြာခဲ့ပြီ။

အိမ်ရှင်အားသာချက်ရော၊ လူစာရင်းမှာပါ ချယ်လ်ဆီးက နည်းနည်း အသာရနေတယ်လို့ ပြောရမှာဖြစ်ပေမယ့် ဆိုးလ်ရှားရဲ့ လက်ထက်မှာတော့ ဘာမဆိုဖြစ်သွားနိုင်တာကို မေ့ထားလို့မရဘူး။

သရေကျဖို့များတဲ့ပွဲဖြစ်ပြီး အနိုင်ဆိုရင်တော့ ချယ်လ်ဆီးပဲ ဖြစ်ဖို့များမယ်ထင်တယ်။

Linn

Source : WhoScored

 

READ  ဥရောပစူပါဖလားကို ရီးယဲလ်အသင်း (၃)နှစ်ဆက် ရယူသွားနိုင်မလား