ချန်ပီယံလိဂ်ပွဲစဉ်တွေကစားခဲ့ပြီးတော့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ဒီညဆက်ကစားကြမှာပါ။ ဒီနှစ်ယူရိုပါလိဂ်မှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ဆီဗီလာ၊ ရိုးမား၊ လာဇီယို၊ ပေါ်တို စတဲ့အသင်းကြီးတွေ ပါဝင်နေလို့ အကြိတ်အနယ်ရှိဦးမယ်လို့ ဆိုနိုင်ပါတယ်။ ဒီညမှာတော့ ယူရိုပါလိဂ်ပွဲစဉ် (၂၄)ပွဲစလုံးကို (၂)ချိန်ခွဲပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

soccerway
soccerway

ကွာရာဘတ် – ဆီဗီလာ

သက်ဆိုင်ရာပြည်တွင်းလိဂ်တွေမှာ ဦးဆောင်နေတဲ့ အသင်း(၂)သင်းဆုံတွေ့နေတာပါ။ ဆီဗီလာအသင်းအနေနဲ့ ဒီပွဲမှာ လူအပြောင်းအလဲတချို့လုပ်လာဖို့ရှိပြီး ကွာရာဘတ်ကတော့ အိမ်ကွင်းမှာ လူစုံထုတ်ပြီး ယှဉ်ပြိုင်မှာပါ။ ဒါပေမဲ့ ခြေစွမ်းချင်းကွာခြားတာကြောင့် ကွာရာဘတ်အနေနဲ့ သရေကိုသာ အမြင်ဆုံးမျှော်လင့်ရမှာဖြစ်ပြီး ဆီဗီလာအသင်း အနိုင်ရဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ကွာရာဘတ် ၀-၂ ဆီဗီလာ

liveonscore

PSV – စပို့တင်းလစ္စဘွန်း

ဒီတပတ်မှာ ခြေညီတဲ့အသင်းတွေအချင်းချင်းတွေ့တဲ့ပွဲအနည်းငယ်ထဲက တပွဲပါ။ PSV ဟာ နယ်သာလန်လိဂ်မှာ (၅)ပွဲဆက်နိုင်ပွဲရထားပြီး စပို့တင်းကတော့ ပေါ်တူဂီလိဂ်မှာ (၅)ပွဲကစားပြီး (၂)ပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံးပွဲစဉ်မှာ တဦးတည်း (၅)ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး မေလန် ဦးဆောင်လာမှာဖြစ်သလို၊ အိမ်ကွင်းအားသာချက်လည်းရှိနေတဲ့ PSV တို့ ပွဲဦးထွက်မှာ အနည်းဆုံး(၁)မှတ်ရအောင် ယူမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ PSV ၂-၁ စပို့တင်း

liveonscore

ကလုခ်ျ – လာဇီယို

ကလုခ်ျအသင်းက နောက်ဆုံး(၆)ပွဲမှာ (၃)ပွဲပဲနိုင်ထားသလို၊ လာဇီယိုကလည်း စီးရီးအေမှာ (၃)ပွဲကစားအပြီး နိုင်ပွဲ(၁)ပွဲပဲရထားပါတယ်။ ဒီပွဲမှာ လာဇီယိုနည်းပြ အင်ဇာဂီအနေနဲ့ ဘယ်လိုလူစာရင်းနဲ့ယှဉ်ပြိုင်မလဲဆိုတာက ပွဲရဲ့ အဖြေ ဖြစ်လာနိုင်ပြီး လက်တလောခြေစွမ်းတွေအရတော့ သရေဆိုတာ (၂)သင်းစလုံးအတွက် မျှတတဲ့အဖြစ်ပါပဲ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ကလုခ်ျ ၁-၁ လာဇီယို

ရင်းနက်စ် – ဆဲလ်တစ်

ပြင်သစ်လီဂူးမှာ ဒုတိယနေရာရောက်နေတဲ့ ရင်းနက်စ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းက အတော်လေးကောင်းပါတယ်။ PSG လိုအသင်းကိုတောင် အိမ်ကွင်းမှာအနိုင်ကစားထားတဲ့ ရင်းနက်စ်ဟာ မနှစ်က ယူရိုပါလိဂ်မှာ ရှုံးထွက်(၁၆)သင်း အဆင့်အထိရောက်ထားပြီး ဒီနှစ်မှာလည်း ပိုမိုမြင့်မားတဲ့အဆင့်ကိုရောက်ဖို့ ရည်ရွယ်နေတဲ့အသင်းပါ။ ဆဲလ်တစ်အသင်းကတော့ ချန်ပီယံလိဂ်ခြေစစ်ပွဲကပြုတ်လာတာဖြစ်ပြီး အိမ်ကွင်းကောင်းသလောက် အဝေးကွင်းမှာ ရုန်းကန်ရတတ် ပါတယ်။ ပြင်သစ်မြေမှာ အိမ်ရှင်တို့ အဖွင့်လှမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ရင်းနက်စ် ၂-၁ ဆဲလ်တစ်

liveonscore

ဖရန့်ဖတ် – အာဆင်နယ်

မနှစ်က ဆီမီးဖိုင်နယ်ရောက်အသင်းနဲ့ ဗိုလ်လုပွဲရောက် အသင်းတို့ ပြန်လည်ဆုံတွေ့ကြတာပါ။ ဖရန့်ဖတ်အသင်းကတော့ မနှစ်ကတိုက်စစ်မှာခြေစွမ်းပြခဲ့တဲ့ ယိုဗစ်၊ ဟယ်လာ၊ ရီဘစ် တို့အားလုံးကို ဆုံးရှုံးထားပြီး လက်ရှိ ဘွန်ဒက်စ်လီဂါမှာလည်း (၄)ပွဲကစား (၅)ဂိုးပဲရထားပါတယ်။ အာဆင်နယ်ကလည်း ခံစစ်ပြဿနာတွေရှိနေပြီး ဒီပွဲမှာ နည်းပြအမ်မရီအနေနဲ့ ပြောင်းလဲမှုတွေလုပ်လာနိုင်တာကို သတိပြုရမှာပါ။ တိုက်စစ်မှာတော့ အူဘာမီယန်၊ ပေပေ တို့နဲ့အတူ လူငယ်ကစားသမားတွေဖြစ်တဲ့ နယ်လ်ဆင်၊ ဝီလော့ခ် တို့ပွဲထွက်ခွင့်ရနိုင်ပါတယ်။ ဖရန့်ဖတ်အနေနဲ့ အိမ်ကွင်းအားသာချက်နဲ့အတူ အာဆင်နယ်ရဲ့ ခံစစ်အားနည်းမှုကို အသုံးချနိုင်ရင်တော့ သရေတမှတ်ရနိုင်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဖရန့်ဖတ် ၁-၂ အာဆင်နယ်

liveonscore

ပေါ်တို – ယန်းဘွိုင်းစ်

၂၀၁၄-၁၅ ကစပြီး ချန်ပီယံလိဂ်မှာပဲ နှစ်တိုင်းကစားခဲ့ရတဲ့ ပေါ်တိုတို့ ဒီနှစ်မှာ ယူရိုပါလိဂ်ကိုရောက်လာတာပါ။ ပြည်တွင်းပြိုင်ပွဲတွေမှာ (၄)ပွဲဆက်နိုင်ထားတဲ့ ပေါ်တိုရဲ့လက်ရှိခြေစွမ်းကို ယန်းဘွိုင်းစ်အနေနဲ့ အဝေးကွင်းမှာ ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် ယန်းဘွိုင်းစ်ဟာ ဥရောပပြိုင်ပွဲတွေမှာ နောက်ဆုံးကစားထားတဲ့ အဝေးကွင်း(၈)ပွဲမှာလည်း နိုင်ပွဲမရှိပါဘူး။ ပေါ်တိုတို့ အနိုင်ရမှာပါ။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ပေါ်တို ၃-၀ ယန်းဘွိုင်းစ်

liveonscore

ရိုးမား – ဘာဆက်ခ်ဆီဟာ

ရိုးမားအသင်းကတော့ နောက်ဆုံးပွဲမှာ ဆက်ဆူအိုလိုကို (၄)ဂိုးသွင်းပြီး တိုက်စစ်အစွမ်းပြထားပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာခြေစွမ်းပြတတ်တဲ့ မစ်ခီတာယန်လည်း ဒီပွဲမှာဆက်ပြီးပွဲထွက်ဖွယ်ရှိနေပါတယ်။ အဓိကကစားသမား အတော်များများလည်း ဒဏ်ရာကင်းစင်နေပြီး နောက်ခံလူ စမောလင်းလည်း ဒီပွဲမှာ ကစားခွင့်ရနိုင်ပါတယ်။ ဘာဆက်ခ်ဆီဟာ အသင်းမှာလည်း ပရိသတ်တွေနဲ့ရင်းနှီးတဲ့ကစားသမားတွေဖြစ်တဲ့ ရော်ဘင်ဟို၊ ဒမ်ဘာဘား၊ စကာတယ်လ်၊ ကလစ်ချီ၊ အာဒါတူရန် တို့ရှိနေပါတယ်။ ဒါပေမဲ့ ခြေစွမ်းတွေက အရင်ကလောက်မကောင်းတော့ပါဘူး။ ရိုးမားတို့ ယူရိုပါလိဂ်ကို အနိုင်နဲ့ဖွင့်လှစ်ဖို့များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ရိုးမား ၂-၀ ဘာဆက်ခ်ဆီဟာ

ဝုလ်ဗ် – ဘရာဂါ

ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရှိသေးပေမဲ့ ယူရိုပါလိဂ်မှာတော့ ဝုလ်ဗ်တို့ မရှုံးသေးပါဘူး။ နောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးခဲ့ရလို့ ဒီပွဲမှာ နိုင်ပွဲပြန်ရအောင် အာရုံစိုက်ကစားမှာပါ။ ဘရာဂါအသင်းကလည်း ပေါ်တူဂီလိဂ်မှာ (၂)ပွဲဆက် ရှုံးထားပြီး ခြေစွမ်းကျဆင်းနေပါတယ်။ မဖြစ်မနေအနိုင်လိုနေတဲ့ ဝုလ်ဗ်တို့ ခက်ခက်ခဲခဲကစားပြီး အနိုင်ရပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ ဝုလ်ဗ် ၂-၁ ဘရာဂါ

liveonscore

မန်ချက်စတာယူနိုက်တက် – အက်စ်တာနာ

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲမှာ လူအပြောင်းအလဲတွေပြုလုပ်ဖို့ရှိပြီး ရိုမဲရိုး၊ တွမ်ဇီဘီ၊ ဖရက်ဒ်၊ ဂရင်းဝုဒ်တို့ကို ပွဲထွက်ခွင့်ပေးမယ်လို့ ပြောထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်မှာဗိုလ်စွဲထားတဲ့ မန်ယူနိုက်တက်တို့ ဒီရာသီမှာလည်း ဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်နေပြီး ရေပန်းစားမှုနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ အက်စ်တာနာကတော့ ခံစစ်ပိတ်ကစားဖို့ပြင်လာမှာဖြစ်ပြီး ဒီလိုကစားတဲ့ အသင်းတွေနဲ့တွေ့ရင် ဂိုးရဖို့ခက်လေ့ရှိတဲ့ မန်ယူနိုက်တက်ရဲ့ပုံစံကိုတော့ သတိထားရမှာပါ။ ဆိုးလ်ရှားကတော့ ခရီးရှည်ထွက်ရမဲ့ အဝေးကွင်းပွဲစဉ်တွေရှိနေတာကြောင့် အိမ်ကွင်းပွဲတွေမျာ အမှတ်ပြည့်ရအောင်ယူနိုင်မှဖြစ်မယ်လို့ ပြောထားပါတယ်။ မန်ယူနိုက်တက်တို့ အနိုင်သေချာပေမဲ့ ဂိုးပြတ်၊ မပြတ်တော့ ပြောရခက်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်။        ။ မန်ချက်စတာယူနိုက်တက် ၂-၀ အက်စ်တာနာ

liveonscore

Ko Puccy

READ  အန်ဖီးလ်မှာ အပြန်အလှန် ဂိုးတွေသွင်းပြီး တစ်မှတ်စီခွဲယူသွားမယ့် လီဗာပူးလ်နဲ့ အာဆင်နယ်