အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း လောရင့်ကိုစီယယ်နီကတော့ ပြီးခဲ့တဲ့အင်္ဂါနေ့ကပဲ ဘော်ဒိုးအသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါပြီ။ ပြင်သစ်ကလပ် လော်ရီယန့်ကနေ ၂၀၁၀ ခုနှစ်ကရောက်ရှိလာခဲ့တဲ့ ကိုစီယယ်နီဟာ အာဆင်နယ်အသင်းမှာ (၉) နှစ်ကြာ ကစားခဲ့ပြီးနောက် အသင်းက ထွက်ခွာသွားခဲ့တာပါ။

(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုစီယယ်နီဟာ အာဆင်နယ်အသင်းနဲ့အတူ (၉)ရာသီအတွင်း FA ဖလား (၃)ကြိမ်၊ ကွန်မြူနတီဒိုင်း (၂)ကြိမ်ဆွတ်ခူးခဲ့ပြီး လိဂ်ဖလားဗိုလ်လုပွဲ (၂)ကြိမ်၊ ယူရိုပါလိဂ် ဗိုလ်လုပွဲ(၁)ကြိမ်တက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ နောက်တန်းမှာ အဓိကကစားသမားတဦးလည်း ဖြစ်သလို၊ အသင်းခေါင်းဆောင်အဖြစ်လည်း နောက်ဆုံးရာသီမှာ ခန့်အပ်ခံထားရသူပါ။

Bordeaux/Twitter

ဒါပေမဲ့ အာဆင်နယ်နဲ့ ကိုစီယယ်နီရဲ့ လမ်းခွဲက ကတ္တီပါလမ်းခွဲမဟုတ်ခဲ့ပါဘူး။ စာချုပ်သက်တမ်း (၁)နှစ်သာကျန်တော့ချိန်မှာ မွေးရပ်မြေကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာတောင် လိုက်ပါခဲ့ခြင်းမရှိဘဲ နေရစ်ခဲ့တာပါ။ ကိုစီယယ်နီက  အာဆင်နယ်မှာ (၉)နှစ်ကြာကစားပေးခဲ့တဲ့အတွက် သူ့ကို ဒီရာသီမှာ အသင်းအနေနဲ့ အလွတ်ပြောင်းရွှေ့ခွင့် ပြုသင့်တယ်လို့ ယူဆနေခဲ့တာပါ။ အာဆင်နယ်အသင်းက လည်း ကိုစီယယ်နီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်မလွှတ်နိုင်ကြောင်း ပြောခဲ့ပြီး ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရမှ ရောင်းဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ကိုစီယယ်နီကို ဘော်ဒိုးအသင်းဆီ ပေါင်(၄.၆)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းကိုယ်တိုင်ကလည်း သူတို့ရဲ့ အသင်းခေါင်းဆောင်အတွက် Twitter ကနေ နှုတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘော်ဒိုးအသင်းက တင်ခဲ့တဲ့ ဗီဒီယိုဖိုင်တခုကတော့ အာဆင်နယ် ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

Bordeaux/Twitter

အဲ့ဒီ ဗီဒီယိုထဲမှာ ကိုစီယယ်နီဟာ အသင်းရဲ့ အိမ်ကွင်းဝတ်စုံသစ်ကို ကြေညာရာမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ အာဆင်နယ်အသင်းဝတ်စုံကို အရင်ဝတ်ထားပြီးမှ ချွတ်ပစ်ခဲ့တာပါ။ ဝတ်စုံသစ်ကြေညာတယ်ဆိုပေမဲ့ အသင်းဟောင်းရဲ့ဝတ်စုံကို အသုံးချထားတာကို ပရိသတ်တွေက ဒေါသထွက်နေကြတာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ Legend ဟောင်း တဦးဖြစ်တဲ့ အီယန်ရိုက်ကတော့ ဒါဟာ အသင်းဟောင်းကို လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ သူက ‘(၉)နှစ်ကြာ ကစားခဲ့တဲ့အသင်းက ထွက်တဲ့အချိန်မှာလည်း ပြဿနာတက်တယ်။ အခု လည်း အသင်းဟောင်းကို ခနဲ့လိုက်သေးတယ်။ ဒါဟာ တော်တော်လေးစားမှုမရှိတဲ့ လုပ်ရပ်ပါပဲ။ ဒီလုပ်ရပ်တွေက တန်ပါစေလို့ပဲ ဆုတောင်း လိုက်ပါတယ်’ လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

Ko Puccy
Source: DailyMail, SkySports, Twitter

READ  ဒဏ်ရာပြဿနာတွေကြောင့် စိုးရိမ်မှုရေချိန် အမြင့်ဆုံးရောက်နေတဲ့ ဂျာဂန်ကလော့ပ်